Sports

အာတီတာ ကို ထုတ်ပယ်ပြီး ဘန်လေနည်းပြ ရှောင်ဒိုက်ချ် နဲ့အစားထိုးချင်နေတဲ့ အာဆင်နယ် ဂန္တဝင်


ပြီးခဲ့တဲ့အပတ်က ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်မှာ အာဆင်နယ်အသင်းက တန်းတက် ဘရန့်ဖို့ဒ်အသင်းကို ဂိုးပြတ်ရှုံးနိမ့်ခဲ့လို့ အာတီတာ ဟာ ထုတ်ပယ်ခံရမဲ့ နည်းပြစာရင်းအလေးပေးမှုမှာ ထိပ်ဆုံးရောက်ခဲ့ပါတယ်။

ဘရန့်ဖို့ဒ် နဲ့ပွဲအပြီး အာဆင်နယ် ရင်ဆိုင်ရမဲ့ ပြိုင်ဖက်တွေကလည်း ချဲလ်ဆီး ၊ မန်စီးတီး တို့လို အင်အားတောင့်တင်းတဲ့ အသင်းတွေဖြစ်တာကြောင့် အာတီတာ အနေနဲ့ သူ့ရဲ့နည်းပြရာထူးကို မကြာခင်ဆုံးရှုံးရဖို့ရှိနေပြီလို့ သုံးသပ်ပြောဆိုမှုတွေရှိနေပါတယ်။

အာဆင်နယ်အသင်းရဲ့ ဂန္တဝင်ကစားသမားဟောင်း ရေးပါလာ ကတော့ အာတီတာ ကိုသာ ထုတ်ပယ်ဖြစ်ခဲ့ရင် သူ့နေရာကို လက်ရှိ ဘန်လေ အသင်းရဲ့ နည်းပြ ရှောင်ဒိုက်ချ် နဲ့ အစားထိုးသင့်တယ်လို့ သူ့ရဲ့အမြင်ကို အခုလိုပြောလိုက်ပါတယ်။

“ အာဆင်နယ် က ဒီလမ်းကို ရွေးလောက်မလားဆိုတာကတော့ ကျွန်တော်မပြောတတ်ပါဘူး။

ဒါပေမဲ့ ရှောင်ဒိုက်ချ် ကို နည်းပြသစ် ခန့်အပ်မယ်လို့ အာဆင်နယ် က ကျွန်တော့်ကို ပြောလာခဲ့ရင် အရမ်းကောင်းတဲ့ ဆုံးဖြတ်ချက်လို့ ပြန်ပြောမိမှာပါ။

ရှောင်ဒိုက်ချ် သာ နည်းပြသစ် ဖြစ်လာရင် သူ့ရဲ့အနောက်မှာ ကျွန်တော် ရပ်တည်ပေးမှာပါ။

အသင်းကြီးတွေအနေနဲ့ အခုထိ သူ့ကို အခွင့်အရေးမပေးကြသေးတာကို ကျွန်တော်အံ့ဩမိပါတယ်။

ဘန်လေ အသင်းမှာ သူလုပ်ပြထားတာတွေက မယုံနိုင်စရာပါပဲ။

ရာသီတိုင်းလိုလို သူ့အလုပ်ကိုသူအကောင်းဆုံး လုပ်ပြနေခဲ့ပါတယ် “ လို့ ရေးပါလား က သုံးသပ်ပြောကြားခဲ့ပါတယ်။

လက်ရှိအချိန်ထိ ပရီးမီးယားလိဂ်ကလပ်တွေအားလုံးထဲမှာ အာဆင်နယ် က ငွေသုံးအများဆုံးဖြစ်နေပြီး အာတီတာ လိုချင်တဲ့ ကစားသမားတွေကို ဒီရာသီမှာ အဆက်မပြတ်ခေါ်ယူပေးနေပါတယ်။

ဒါကြောင့်မို့ အာဆင်နယ် အသင်းရဲ့ တာဝန်ရှိသူတွေအနေနဲ့ လူတွေသုံးသပ်နေသလို ချဲလ်ဆီး နဲ့ မန်စီးတီး ပွဲကရလဒ်တွေကိုကြည့်ပြီး အာတီတာ ရဲ့ အနာဂတ်ကို ဆုံးဖြတ်သွားမှာ မဟုတ်လောက်ပါဘူး။

ရာသီဝက်ကာလလောက်အထိ စောင့်ကြည့်သွားဖို့ရှိနေပြီး အဲ့ဒီအချိန်မှာသာ အာဆင်နယ် အသင်းက ဥရောပဝင်ခွင့်နေရာမှာ ရှိမနေဘူးဆိုရင်တော့ အာတီတာ ကို ထုတ်ပယ်မှာ သေချာပါတယ်။

Credit