Local News

ကိုဗစ်ကူးစက်မှုလျော့ကျလာလို့ ကျောင်းတွေအသင့်ပြင်ထားဖို့ ညွှန်ကြား…

ကိုဗစ်ကူးစက်မှုလျော့ကျလာလို့ ကျောင်းတွေအသင့်ပြင်ထားဖို့ ညွှန်ကြား…

ကိုဗစ် ကပ်ရောဂါကြောင့် ယာယီပိတ်ထားတဲ့ ရခိုင်ပြည်နယ်အတွင်းက အခြေခံပညာကျောင်းတွေကိုပြန်ဖွင့်တဲ့အခါ အဆင်သင့်ဖြစ်အောင် ပြင်ဆင်ထားကြဖို့ရခိုင်ပြည်နယ်ပညာရေးဌာနကနေ ဩဂုတ်လ ၂၄ ရက်မှာ ကျောင်းတွေအားလုံးကို ညွှန်ကြားထားတယ်လို့ သိရပါတယ်။

အခုနှစ်အတွင်း တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ပြန်လည်ဖြစ်ပွားလာခဲ့တဲ့ ကိုဗစ် ၁၉ တတိယလှိုင်းကပ်ရောဂါကူးစက်မှု မြင့်မားလာနေတဲ့အချိန် ရောဂါထိန်းချုပ်နိုင်‌ရေးအတွက် ကျောင်းတွေကိုပြီးခဲ့တဲ့ ဇူလိုင်လ (၉) ရက်ကစတင်ပြီး ယာယီပိတ်ထားခဲ့တာဖြစ်ပါတယ်။

ကိုဗစ်ဖြစ်ပွားမှုကျဆင်းလာနေတဲ့အတွက် ရခိုင်ပြည်နယ်အတွင်းကကျောင်းတွေကို ပြန်လည်ဖွင့်လှစ်ခဲ့လို့ရှိရင် ကလေးတွေကိုပညာသင်ကြားပေးနိုင်ရေးအတွက် အဆင်သင့်ပြင်ဆင်ထားဖို့ ကိုဗစ် ၁၉ ထိန်းချုပ်‌ရေးကော်မတီရဲ့ လမ်းညွန်ချက်အရ စာထုတ်ထားတာဖြစ်တယ်လို့ ရခိုင်ပြည်နယ်ပညာရေးမှူးရုံး ဒုတိယညွှန်ကြား‌ ရေးမှူး ဒေါက်တာထွန်းထွန်းသိန်းက ပြောပါတယ်။

လက်ရှိမှာတော့ ကိုဗစ်ကပ်ရောဂါကြောင့် နိုင်ငံတဝန်းကျောင်းတွေကို ဩဂုတ်လ ၃၁ ရက်နေ့အထိပိတ်ထားပါတယ်။

လတ်တလောမှာတော့ ရခိုင်ပြည်နယ်အတွင်း ကိုဗစ် ၁၉ ရောဂါကူးစက်ခံရမှု သိသိသာသာလျော့နည်းသွားပြီဖြစ်ပေမယ့် ရခိုင်တောင်ပိုင်း ဂွမြို့နယ်အတွင်းမှာတော့ မြင့်မားနေဆဲ ဖြစ်တာကြောင့် အဲ့ဒီမြို့နယ်ကို Stay at home လူတွေအပြင်မထွက်ရကာလအဖြစ် သတ်မှတ်ဖို့ အတွက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ မနေ့ကအစည်းအဝေးမှာ ဆုံးဖြတ်ခဲ့ကြတာဖြစ်ပါတယ်။

ဂွမြို့နယ်အတွင်း ဩဂုတ်လ ၂၃ ရက် မနေ့ကစာရင်းအရ ရောဂါကူးစက်ခံရ သူအသစ် (၁၃) ဦးတွေ့ရှိခဲ့ပြီး တတိယလှိုင်းကာလအတွင်း ပိုးတွေ့လူနာပေါင်း (၆၅၇) ဦး၊ သေဆုံးသူပေါင်း( ၁၆) ဦးရှိကာ လက်ရှိဆေးကုသမှုခံယူနေရသူပေါင်း (၆၂) ဦးထိရှိနေသေးတယ်လို့ ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဌာနရဲ့ စာရင်းဇယားတွေအရ သိရပါတယ်။

ရခိုင်တစ်ပြည်နယ်လုံးမှာတော့ ကိုဗစ်တတိယလှိုင်းအတွင်း ပိုးတွေ့လူနာအရေအတွက် (၃၈၃၀) ဦး သေဆုံးသူ (၃၆၇) ဦးထိရှိခဲ့ကာ ယခင်လတွေအတွင်းတစ်နေ့ကို လူဦးရေ (၁၂၀) ဝန်းကျင်အထိစစ်ဆေးတွေ့ရှိခဲ့ရာကနေ မနေ့ကစာရင်းမှာတော့ (၃၀) အောက်ထိ ပိုးတွေ့ရှိမှုပမာဏ သိသိသာသာကျဆင်းလာခဲ့ပြီလည်းဖြစ်ပါတယ်။

ပုံစာ – ရခိုင်ပြည်နယ်အတွင်းကိုဗစ်ကာလကျောင်းဖွင့်ခဲ့စဉ် (ပုံဟောင်း)

Credit