Sports

နွေရာသီ အပြောင်းရွှေ့ စျေးကွက်မှာ အမြင့်ဆုံးစျေးနဲ့ ခေါ်ယူခဲ့ရတဲ့ ကစားသမား ၁၀ဦး…

၁၀ ။ အီမီလီယာနို ဘွမ်ဒီယာ ( နောဝှစ်ချ် မှ ဗီလာ သို့ ) – ယူရို ၃၆ သန်း

ဗီလာ ဟာ အပြောင်းအရွှေ့ ဈေးကွက်ကို စောစော စဖွင့်ခဲ့ ပါတယ် ။ ပရီးမီးယားလိဂ် ကို တန်းတက် လာတဲ့ နောဝှစ်ချ် စီးတီးရဲ့ ကွင်းလယ် တိုက်စစ်သမား ဘွမ်ဒီယာ ကို ယူရို ၃၆ သန်း နဲ့ ခေါ်ယူ ခဲ့တာပါ ။ အာဆင်နယ် ကလည်း ဘွမ်ဒီယာ ကို စိတ်ဝင်စား ခဲ့ပေမယ့် နောက်ဆုံး မှာတော့ ဗီလာ ကိုပဲ ရောက်ရှိ သွားခဲ့ ပါတယ် ။ ဘွမ်ဒီယာ ဟာ ဒီရာသီ ဗီလာ ရဲ့ ပရီးမီးယားလိဂ် ၃ ပွဲစလုံး ပါဝင်ကစားထားပြီး ဘရန့်ဖိုဒ့် နဲ့ သရေကျတဲ့ပွဲမှာ အသင်းသစ် အတွက် ဂိုးစတင် သွင်းယူနိုင်ခဲ့ ပါတယ် ။

၉ ။ တမ်မီ အေဘရာဟမ် ( ချဲလ်ဆီး မှ ရိုးမား သို့ ) – ယူရို သန်း ၄၀

ချဲလ်ဆီး ရဲ့ ဒီနှစ် နွေရာသီ ဈေးကွက် လှုပ်ရှားမှုဟာ တကယ်ကို ကောင်းမွန် ခဲ့ပါတယ် ။ လူကာကူ ကို သန်း ရာချီပေးပြီး ခေါ်ခဲ့ပေမယ့် ပြန်ရောင်းထုတ် တဲ့ ကစားသမားတွေရဲ့ စုစုပေါင်း ပြောင်းရွှေ့ကြေးက သန်း ၁၈၀ အထက် ရှိခဲ့တာပါ ။ အဲ့ဒိ အထဲမှာတော့ အေဘရာဟမ် က ဈေးအမြင့်ဆုံး ဖြစ်ခဲ့ ပါတယ် ။ ချဲလ်ဆီး နည်းပြဟောင်း မော်ရင်ဟို ကိုင်တွယ်နေတဲ့ ရိုးမား မှာ အေဘရာဟမ် တယောက် အလျှင်အမြန် အသားကျနေပြီး ၂ ပွဲမှာ ၁ ဂိုးသွင်း ၊ ၂ ဂိုး ဖန်တီးပေးနေ ခဲ့ပါပြီ ။

၈ ။ အီဘရာဟီမာ ကိုနာတေး ( လိုက်ပ်ဇစ် မှ လီဗာပူး သို့ ) – ယူရို သန်း ၄၀

ခံစစ်ကြောင်း တလျောက်လုံး ဒဏ်ရာတွေ အပြည့်ရခဲ့တဲ့ မနှစ်က ရာသီကို ဖြတ်သန်း အပြီးမှာတော့ ယာဂင် ကလော့ ဟာ နောက်ခံလူ တယောက် အတွက် ရင်းနှီး မြှပ်နှံဖို့ ဆုံးဖြတ်ခဲ့ ပါတယ် ။ ဒါကြောင့် ကိုနာတေး ကို အပြောင်းအရွှေ့ အစောပိုင်း ကတည်းက ခေါ်ယူ ထားခဲ့တာပါပဲ ။ အဲ့ဒိနောက်မှာတော့ လက်ကျန် ကာလ တလျောက်လုံးမှာ အသင်းက ကစားသမားတွေကိုပဲ စာချုပ်သက်တမ်း တိုးဖို့ အတွက် အဓိက လုပ်ဆောင် သွားခဲ့ ပါတယ် ။

၇ ။ ရာဖေး ဗာရန်း ( ရီးရဲ မက်ဒရစ် – မန်ချက်စတာ ယူနိုက်တက် ) – ယူရို သန်း ၄၀

ဒီနှစ် နွေရာသီရဲ့ မထင်မှတ် ထားတဲ့ အပြောင်းအရွှေ့တွေထဲက တခု ဖြစ်ခဲ့ ပါတယ် ။ ရာမိုစ့် ထွက်ခွာ အပြီးမှာ နောက်ထပ် အမာခံ ခံစစ်မှူး ကို ရီးရဲ တို့ ရောင်းမထုတ်လောက်ဘူးလို့ တွေးထင် ခဲ့တာတွေလည်း မှားယွင်း သွားခဲ့ ပါတယ် ။ ယူနိုက်တက် ဟာ ဗာရန်း ကို ပြိုင်ဘက်မရှိ ရယူနိုင်ခဲ့တာ ဖြစ်ပြီး ပြင်သစ်သားဟာ ဝုဗ် ကို အနိုင် ရခဲ့တဲ့ ပွဲမှာ အသင်းသစ် အတွက် ပထမဆုံး ပါဝင်ကစား ပေးခဲ့ပြီး ပုံစံကောင်း ရရှိခဲ့ ပါတယ် ။

၆ ။ ဒါယော့ အူပါမီကာနို ( လိုက်ပ်ဇစ် မှ ဘိုင်ယန်မြုးနစ် သို့ ) – ယူရို ၄၂.၅ သန်း

ဒီတယောက် ကတော့ အပြောင်းအရွှေ့ တံခါးစဖွင့်တာနဲ့ ဘိုင်ယန်မြုးနစ် ကို တန်းရောက် သွားတဲ့ သူပါ ။ ရာသီ မကုန်ခင် ကတည်းက အကြိုသဘောတူညီမှု ရယူ ထားလိုက်တာကြောင့် အပြောင်းအရွှေ့တိုင်း အသံထွက်ခဲ့တဲ့ ပြင်သစ် နောက်ခံလူရဲ့ နာမည်ဟာ ဒီနှစ် နွေရာသီမှာတော့ လုံး၀ တိတ်ဆိတ် သွားခဲ့ ပါတယ် ။ အသက် ၂၂ နှစ် အရွယ်မှာ ဘွန်ဒစ်လီဂါ ရဲ့ အကောင်းဆုံး နောက်တန်းလူ တယောက် ဖြစ်လာခဲ့တဲ့ အူပါမီကာနို အတွက်တော့ ဘိုင်ယန်ဟာ မှန်ကန်တဲ့ ရွေးချယ်မှု ဖြစ်လာမှာပါ ။

၅ ။ ဘန်ဝှိုက် ( ဘရိုက်တန် မှ အာဆင်နယ် သို့ ) – ယူရို ၅၈.၅ သန်း

ဒီနှစ် နွေရာသီ ရဲ့ တန်ဖိုးမြင့် အပြောင်းအရွှေ့တွေမှာ ခံစစ်သမားတွေ က နေရာယူထား ကြပါတယ် ။ ဒါဟာ ကလပ် အသင်း အတော်များများမှာ နောက်တန်း အားနည်းချက်တွေ ရှိနေပြီ ဆိုတာကို မီးမောင်း ထိုးပြ နေတာပါပဲ ။ အာဆင်နယ် ကတော့ နှစ်တိုင်း အားလျော့နေတဲ့ ခံစစ် အတွက် ဘရိုက်တန် ရဲ့ ဘန်ဝှိုက် ကို ခေါ်ယူပြီး အားဖြည့် ခဲ့ ပါတယ် ။ ဘရန့်ဖိုဒ့် ကို အရေးနိမ့် ခဲ့တဲ့ ပရီးမီးယားလိဂ် အဖွင့်ပွဲမှာပဲ ဘန်ဝှိုက် ဝင် ကစားခဲ့ရပြီး ကိုဗစ်ပိုး တွေ့ရှိမှုကြောင့် ကျန်ပွဲစဉ်တွေကို လွဲချော် ခဲ့ရ ပါတယ် ။

၄ ။ ဟာခီမီ ( အင်တာမီလန် မှ PSG သို့ ) – ယူရို သန်း ၆၀

နောက်ထပ် နောက်ခံလူ တယောက်ရဲ့ အပြောင်းအရွှေ့ ပါပဲ ။ တန်ကြေးအမြင့်ဆုံး ၁၀ ယောက်ထဲမှာ နောက်တန်းသမားတွေရဲ့ အပြောင်းအရွှေ့က ၅ ခုထိ ပါဝင် နေခဲ့တာပါ ။ ဒီအထဲမှာတော့ ဟာခီမီ က ဈေးအမြင့်ဆုံး ဖြစ်ခဲ့ ပါတယ် ။ PSG အတွက်တော့ ဟာခီမီ ဟာ မှန်ကန်တဲ့ ခေါ်ယူမှု ဖြစ်ခဲ့ပါတယ် ။ လီဂူး ပွဲစဉ် ၄ ပွဲ ပါဝင် ကစားထားခဲ့ပြီး ၂ ဂိုး ဖန်တီးပေးခဲ့သလို ကိုယ်တိုင်လည်း ၁ ဂိုး သွင်းယူခဲ့ ပါတယ် ။

၃ ။ ဂျေဒန် ဆန်ချို ( ဒေါ့မွန် မှ မန်ချက်စတာ ယူနိုက်တက် ) – ယူရို ၈၅ သန်း

ဒီနှစ် နွေရာသီမှာတော့ ဆိုးရှားဟာ မန်ချက်စတာ ယူနိုက်တက် ရဲ့ နှစ်ရှည်လများ ကိုက်ခဲ နေတဲ့ ညာတောင်ပံ ဝေဒနာ ကို အဆုံးသတ်ဖို့ လုပ်ဆောင် နိုင်ခဲ့ ပါတယ် ။ ကာလရှည် ပစ်မှတ်ဖြစ်တဲ့ ဂျေဒန် ဆန်ချို ဟာ ယူရို ၂၀၂၀ အပြီးမှာတော့ မန်ချက်စတာ ကို ပြန်ရောက်လာခဲ့ ပါပြီ ။ ၁ ပွဲ အပြည့် ၊ ၁ ပွဲလူစားဝင် ကစားထားရပြီး ခုချိန်ထိတော့ ပရိသတ်တွေ မျှော်မှန်းထားတဲ့ ပုံစံမျိုးကို မပြသ နိုင်သေးပါဘူး ။

၂ ။ ရိုမီရို လူကာကူ ( အင်တာမီလန် မှ ချဲလ်ဆီး သို့ ) – ယူရို ၁၁၅ သန်း

ရိုမီရို လူကာကူ ရဲ့ စတမ်းဖိုဒ့် ဘရစ် အပြန် ခရီးဟာ ဥရောပ ချန်ပီယံကို ယူရို သန်း ၁၀၀ ကျော် ကုန်ကျ စေခဲ့ ပါတယ် ။ ဒါပေမယ့် ချဲလ်ဆီး အတွက်တော့ ဒီကုန်ကျမှု ဟာ ပြောပလောက်စရာ မရှိခဲ့ ပါဘူး ( အရောင်း တန်ဖိုးက သန်း ၁၈၀ ကျော်ပြန်ရခဲ့ ) ။ လူကာကူ ကတော့ အာဆင်နယ် နဲ့ ပွဲမှာ စကစားခဲ့ပြီး ဂိုးလည်း သွင်းနိုင် ခဲ့ပါတယ် ။ ဟယ်ရီကိန်း ၊ ဆာလာ တို့နဲ့ အပြိုင် ပရီးမီးယားလိဂ် ရွှေဖိနပ်ဆု ကို လူကာကူ ရယူနိုင်မလား ၊ ချဲလ်ဆီး ကိုရော ဆုဖလားတွေ ယူဆောင်ပေးနိုင်မလား ဆိုတာတော့ စောင့်ကြည့် ရမှာပါပဲ . . .

၁ ။ ဂျက် ဂရီလစ်ရှ် ( အက်စတွန် ဗီလာ မှ မန်ချက်စတာ စီးတီး ) – ယူရို ၁၁၇ သန်း

ဒီနှစ် နွေရာသီ အပြောင်းအရွှေ့ ရဲ့ ဈေးအကြီးဆုံး အပြောင်းအရွှေ့ ကတော့ မန်ချက်စတာ စီးတီး က အက်စတွန် ဗီလာ အသင်းခေါင်းဆောင် ဂျက် ဂရီလစ်ရှ် ကို ခေါ်ယူခဲ့မှုပဲ ဖြစ်ပါတယ် ။ ရာသီကုန် ကတည်းက ဂရီလစ်ရှ် ၊ ဟယ်ရီကိန်း တို့ဟာ မန်စီးတီး နဲ့ သတင်းထွက်နေ ခဲ့တာ ဖြစ်ပြီး ဂရီလစ်ရှ် က အရင်ဆုံး ရောက်ရှိ သွားခဲ့ ပါတယ် ။ ဟယ်ရီကိန်း ကတော့ ရောက်မလာခဲ့ ပါဘူး ။

ဒီအပြောင်းအရွှေ့ ဟာ မက်ဆီ ကို မန်စီးတီး ဆီ မရောက်အောင် ပိတ်ပင်လိုက်သလို ဖြစ်သွားခဲ့တယ်လို့လည်း သုံးသပ်မှုတွေ ရှိခဲ့ပါတယ် ။ ဘာပဲ ဖြစ်ဖြစ်

ဂရီလစ်ရှ် အတွက်တော့ နောက်တဆင့် ကို တက်လှမ်း နိုင်ခဲ့တာ ဖြစ်ပြီး ဂွာဒီယိုလာ ရဲ့ ညွှန်ပြမှု အောက်မှာ ပိုကောင်းတဲ့ ကစားသမား ဖြစ်လာဖို့ အစပြု နေပြီ ဖြစ်ပါတယ် ။

Credit – SPORTS MYANMAR Page