Sports

မှော်ဝင်ဂိုးတွေနဲ့ စံချိန်အသစ် တင်ထားလိုက်တဲ့ ထာဝရ ဂိုးသွင်းဘုရင် ရော်နယ်ဒို

ပြီးခဲ့တဲ့ ရက်ပိုင်း အတွင်းကမှ ယူနိုက်တက် ကို ပြန်လည် ပြောင်းရွှေ့လာခဲ့တဲ့ ရိုနာဒို ဟာ မနေ့ညကပဲ ပေါ်တူဂီ လက်ရွေးစင် အသင်းအတွက် ကမ္ဘာ့ဖလား ခြေစစ်ပွဲစဉ် ဝင်ရောက် ကစားရင်း ဘောလုံးသမိုင်းကြောင်း တလျှောက် လက်ရွေးစင် ကစားသမားတွေထဲမှာ သွင်းဂိုး အများဆုံး သွင်းယူထားနိုင်တဲ့ ကစားသမား အဖြစ် မှတ်တမ်းသစ် ရေးထိုးသွားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

ယခင် ကတော့ ဒီစံချိန် ကို အီရန် လက်ရွေးစင် ကစားသမားဟောင်းကြီး ဖြစ်သူ အလီဒါယီ နဲ့ ပူးတွဲ ရပ်တည်နေခဲ့တာ ဖြစ်ပြီး ၊ အိုင်ယာလန် အသင်းနဲ့ ကစားတဲ့ ပွဲမှာ နောက်ထပ် သွင်းဂိုး 2 ဂိုး သွင်းယူကာ စံချိန်သစ် တင်နိုင်ခဲ့တာပါ။

အိုင်ယာလန် ဟာ အဝေးကွင်းမှာ လာရောက် ကစားခဲ့ပေမယ့် မထင်မှတ်တဲ့ ခြေစွမ်းတွေ နဲ့ အိမ်ရှင် ပေါ်တူဂီ ကို တုန့်ပြန် ကစားရင်း ဦးဆောင်ဂိုးလဲ သွင်းယူနိုင်ခဲ့ပါတယ်။

တကယ်တော့ ရိုနာဒို ဟာ ပွဲအစ 15 မီးနစ် မှာ ကတည်းက ပင်နယ်တီ ကန်သွင်းခွင့် ရရှိခဲ့ပေမယ့် ၊ သူ့ရဲ့ ကန်ချက် ကို အိုင်ယာလန် ဂိုးသမား က ပုတ်ထုတ် ကာကွယ်သွားခဲ့လို့ စောစောစီးစီး စံချိန်သစ် ရေးထိုးနိုင်မယ့် အခွင့်အရေး နဲ့ လွဲချော်ခဲ့တာ ဖြစ်ပါတယ်။

သို့သော် ဒုတိယပိုင်း ပြီးခါနီးမှာတော့ ဖြတ်တင်ဘောတွေ ကနေ တဆင့် ခေါင်းတိုက်ဂိုး 2 ဆက် တိုက်သွင်းယူရင်း ၊ နိုင်ပွဲကို ရအောင် ရှာဖွေပေးနိုင်ခဲ့တဲ့ အပြင် ၊ ထူးခြားလွန်းတဲ့ စံချိန်မှတ်တမ်းကိုပါ ရေးထိုးသွားနိုင်ခဲ့ပါတယ်။

သူဟာ လက်ရွေးစင် ကစားသမား ဘဝမှာ စုစုပေါင်း 180 ပွဲ အထိ ပါဝင် ကစားပေးထားပြီးပြီ ဖြစ်ပြီး ၊ စုစုပေါင်း သွင်းဂိုးကလဲ 111 ဂိုး အထိ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

ပွဲအပြီးမှာတော့ ယူနိုက်တက် တိုက်စစ်မှုးကြီး က “ အရမ်းပျော်ပါတယ် … စံချိန်သစ် တင်နိုင်ခဲ့လို့ပဲ မဟုတ်ပါဘူး ၊ ကွင်းထဲမှာ ဖန်တီးခဲ့ရတဲ့ အခိုက်အတန့်တွေကြောင့် ပိုပြီး ပျော်မိတာပါ။

ပွဲပြီးတော့ 2 ဂိုး သွင်းယူနိုင်ခဲ့တယ် ဆိုတာ တသင်းလုံးက ယုံကြည်မှု အပြည့်နဲ့ နောက်ဆုံးအချိန်ထိ တိုက်ပွဲဝင် ကစားပေးခဲ့ကြလို့ပါ ။ အဲဒီ အတွက် ကျနော်ကလဲ ကစားဖော်တွေရဲ့ အားထုတ်မှုကို ကျေးဇူးတင်ပေးရမှာ ဖြစ်ပါတယ်” လို့ ပြောဆိုသွားခဲ့ ပါတယ်။

လက်ရွေးစင် ကစားသမားဘဝမှာ ရိုနာဒို သွင်းယူခဲ့တဲ့ ဂိုးတွေ ကို ကြည့်လိုက်မယ် ဆိုရင် –

ကမ္ဘာ့ဖလား ခြေစစ်ပွဲ – 33 ဂိုး (42 ပွဲ) ယူရို ခြေစစ်ပွဲ – 31 ဂိုး (35 ပွဲ) ခြေစမ်းပွဲ – 19 ဂိုး (51 ပွဲ)
ယူရို ပြိုင်ပွဲ – 14 ဂိုး (25 ပွဲ) ကမ္ဘာ့ဖလား ပြိုင်ပွဲ – 7 ဂိုး (17 ပွဲ) ဥရောပ နေးရှင်းလိဂ် ပြိုင်ပွဲ – 5 ဂိုး (6 ပွဲ)
ကွန်ဖက်ဒရေးရှင်း ပြိုင်ပွဲ – 2 ဂိုး (4 ပွဲ)

တကယ်တော့ ရိုနာဒို ဟာ ဘောလုံးသမိုင်းကြောင်း တလျှောက် နိုင်ငံ့လက်ရွေးစင် အသင်းအတွက် ဂိုးအများဆုံး သွင်းပေးထားတဲ့ ကစားသမား ဖြစ်ရုံတင် မဟုတ်ပါဘူး ၊ ချန်ပီယံလိဂ် သမိုင်းကြောင်း တလျှောက်မှာလဲ 134 ဂိုး နဲ့ သွင်းဂိုး အများဆုံး ကစားသမား ဖြစ်သလို ၊ ရီးရဲ မက်ဒရစ် သမိုင်းကြောင်း တလျှောက်မှာလဲ 451 ဂိုး သွင်းကာ ဂိုးအများဆုံး သွင်းသူ အဖြစ်နဲ့ ရပ်တည်နေပါတယ်။

ဒါ့အပြင် ယူရို ပြိုင်ပွဲ တလျှောက် ဂိုးအများဆုံး သွင်းထားသူလဲ ဖြစ်ပါတယ်။

အခြား အားကစား ပြင်ပက စံချိန်တွေကိုပါ ထည့်သွင်း ပြောကြမယ် ဆိုရင် Twitter ပေါ်မှာ Follower အများဆုံး အားကစားသမား ၊ Intagram မှာလဲ Follower အများဆုံး စီလီဘရစ်တီ တယောက် ဖြစ်ပါတယ်။ ရိုနာဒို ရဲ့ Wikipedia စာမျက်နှာကို လာရောက်ဖတ်ရှုတဲ့ အကြိမ်အရေအတွက်ဟာ 112000000 အထိ ရှိပြီး ၊ အားကစား သမားတွေထဲမှာ အရေအတွက် အများဆုံး ဖြစ်ပါတယ်။

ဒါ့အပြင် Facebook ပေါ်မှာ like ရတဲ့ အရေအတွက် က 124726150 ရှိပြီး ၊ အားသမား သမားတွေထဲမှာ အများဆုံး အဖြစ် ရပ်တည်ထားဆဲ ဖြစ်နေပါတယ်။

Credit – SportsMyanmar Page