Sports

ရှပ်အင်္ကျီသာသာပါပဲ – မန်ချက်စတာ ယူနိုက်တက် နံပါတ် ၇ ကို အထင်မကြီးခဲ့တဲ့ ဒီမာရီယာ

ရှပ်အင်္ကျီသာသာပါပဲ – မန်ချက်စတာ ယူနိုက်တက် နံပါတ် ၇ ကို အထင်မကြီးခဲ့တဲ့ ဒီမာရီယာ

ဘောလုံးလောက မှာ Iconic Number လို့ ခေါ်တဲ့ ဂန္ထဝင် နံပါတ်တွေ ရှိခဲ့ပါတယ် ။ ဘရာဇီး နဲ့ အာဂျင်တီးနား အသင်းတွေမှာ ဆိုရင် နံပါတ် ၁၀ ကို ဝတ်ဆင် ခဲ့သူတွေဟာ ဂန္ထဝင်တွေ ဖြစ်ခဲ့ကြပါတယ် ။ ဒါကြောင့် မာရာဒိုနာ ကွယ်လွန်ချိန်မှာ နာပိုလီ ဟာ သူဝတ်ဆင် ခဲ့တဲ့ ကျောနံပါတ် ၁၀ ကို အနားပေးခဲ့တာပါ ။ အေစီမီလန် မှာ ဆိုရင်တော့ မာဒီနီ မိသားစု အစဉ်အဆက် ဝတ်ဆင် ခဲ့တဲ့ နံပါတ် ၃ ဟာ အရှိန်အဝါ ကြီးမားတဲ့ ကျောနံပါတ် တခုပါပဲ ။

မန်ချက်စတာ ယူနိုက်တက် ဘောလုံး အသင်းမှာ ဆိုရင်လည်း ကျောနံပါတ် ၇ ဟာ သမိုင်း အစဉ်အလာ ကြီးမားပြီး အရှိန်အဝါ ရှိတဲ့ နံပါတ် ဖြစ်ခဲ့ ပါတယ် ။ ဂျော့ဘတ်စ် ၊ အဲရစ်ကန်တိုနာ ၊ ဘရိုင်ယန် ရော့ဘ်ဆင် ၊ ဒေးဗစ် ဘက်ခမ်း ၊ ခရစ္စတီယာနို ရိုနယ်ဒို တို့ဟာ နံပါတ် ၇ ဂျာစီအောက်မှာ တောက်ပ ခဲ့ကြပါတယ် ။

ရိုနယ်ဒို မန်ချက်စတာ ယူနိုက်တက် ကို နောက်တကြိမ် ပြန်ရောက်လာ ချိန်မှာလည်း ကျောနံပါတ် ၇ ကို ပြန်လည် ဝတ်ဆင် စေလိုတဲ့ ပရိသတ်တွေ အမြောက်အများ ရှိခဲ့ကြပါတယ် ။ အခုချိန်အထိ ရိုနယ်ဒို ဝတ်ဆင်မယ့် နံပါတ် ကို မကြေညာရသေး ပေမယ့် နံပါတ် ၇ နဲ့ ပြန်လည် မြင်တွေ့ရမယ်လို့ ပြောဆိုမှုတွေ များပြား လာခဲ့ပါပြီ ။

ဒါပေမယ့် ကျောနံပါတ် ၇ ကို အထင်မကြီးခဲ့သူ တယောက် ရှိခဲ့ပါတယ် ။ သူကတော့ ဒီမာရီယာ ပါပဲ ။ ရီးရဲ မက်ဒရစ် နဲ့ ချန်ပီယံလိဂ် ဖလားကို ၂၀၁၄ ခုနှစ် မှာ ရယူ ခဲ့တဲ့ ဒီမာရီယာ ဟာ နွေရာသီ မှာတော့ မန်ချက်စတာ ယူနိုက်တက် ကို ပြောင်းရွှေ့ လာခဲ့ပြီး ရိုနယ်ဒို ဝတ်ဆင် ခဲ့တဲ့ နံပါတ် ၇ ကို ဝတ်ဆင် ကစားခဲ့ ပါတယ် ။

ဒီမာရီယာ ဟာ မန်ယူနိုက်တက် မှာ ခြေစွမ်းလုံး၀ ပျောက်ဆုံး ခဲ့ပြီး ဒဏ်ရာတွေ ကလည်း သူ့ရဲ့ ကစားချိန် နဲ့ အရည်အသွေးတွေကို ကန့်သတ် ထားခဲ့ ပါတယ် ။ ရာသီ အကုန် မှာတော့ ယူနိုက်တက် ဟာ ဒီမာရီယာ ကို PSG ထံ ပြန်ရောင်းထုတ် ခဲ့ပြီး မမ်းဖစ် ဒီပိုင်း ကို ခေါ်ယူကာ နံပါတ် ၇ ကို ဆက်ခံ စေခဲ့ ပါတယ် ။

အာဂျင်တီးနား အသင်းနဲ့ ကမ္ဘာ့ ဖလား ခြေစစ်ပွဲ ကစားဖို့ ပြန်ရောက် နေတဲ့ ဒီမာရီယာ ကတော့ သူ မန်ချက်စတာ ယူနိုက်တက် မှာ မအောင်မြင် ခဲ့တာဟာ ကျောနံပါတ် ၇ ရဲ့ ဖိအားကြောင့် မဟုတ်ကြောင်း ၊ နံပါတ် ၇ ကို လုံး၀ ဂရုမစိုက်ခဲ့ကြောင်း နဲ့ သူကျရှုံး ခဲ့ရတဲ့ အဓိက အကြောင်းတို့ကို ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။

“မန်ချက်စတာ ယူနိုက်တက် နံပါတ် ၇ နဲ့ ပတ်သက်ပြီး ကျွန်တော် လုံး၀ စိတ်မဝင်စား ခဲ့ပါဘူး ။ သူတို့ ကတော့ စရောက်လာ ကတည်းက ဒီအကြောင်းကိုပဲ တတွတ်တွတ် ပြောလာခဲ့တာပါ ။ ကျွန်တော့ အတွက်တော့ ဒါက အကျီတထည် ပါပဲ”

“မန်ချက်စတာ ယူနိုက်တက် က ကျွန်တော့ရဲ့ ပြဿနာက အကျီ မဟုတ်ပါဘူး ၊ နည်းပြပါ ။ ကျွန်တော့ ဘ၀ အတွက်တော့ လူးဝစ် ဗန်ဟား ဟာ အဆိုးဆုံး နည်းပြပါပဲ ။ ကျွန်တော် ဂိုးသွင်းတယ် ၊ ဖန်တီးတယ် ၊ နောက်တနေ့ လည်း ရောက်ရော သူက ကျွန်တော် လူပေးမှား တာတွေကိုပဲ ပြောပါတယ် ။ ကွင်းထဲမှာလည်း နေရာ အမှားတွေ ထားကစား ပါတယ် ။ သူက ကစားသမားတွေ သူ့ထက် သာသွားမှာကို မလိုချင်တဲ့သူပါ” လို့ ဒီမာရီယာ က ပြောဆို သွားခဲ့ ပါတယ် ။

ဒီမာရီယာ ဟာ မန်ချက်စတာ ယူနိုက်တက် မှာ နည်းပြ ဗန်ဟား နဲ့ လုံး၀ အဆင်မပြေ ခဲ့ပေမယ့် ယခင် ကလပ် ရီးရဲ မက်ဒရစ် က ဆရာဟောင်း မော်ရင်ဟို အောက်မှာတော့ ပျော်ရွှင် ခဲ့ပြီး သူ့ဘ၀ ရဲ့ အကောင်းဆုံး နည်းပြ လို့တောင် ဆိုနိုင်ခဲ့ကြောင်း ပြောဆို သွားခဲ့ ပါတယ် ။

“မော်ရင်ဟို က တကယ့်လူပါ ။ ကျွန်တော့ အတွက်တော့ သူက အမြဲတမ်း လူကောင်း တယောက်ပါပဲ ။ သူက အရာရာတိုင်း အတွက် တိုက်ပွဲဝင်နေတာပါ ။ ဘယ်သူ့ကိုမှ သူ မညှာပါဘူး ။ တခါတုန်းက ခရစ္စတီယာနို ကို ကွင်းထဲမှာ မပြေးဘဲ နေလို့ ဆိုပြီး အော်ငေါက်ဖူး ပါတယ် ။ လူတိုင်းက သူ အသင်းမှာ ပြေးလွှား လှုပ်ရှား နေရတာပါ” လို့ ဒီမာရီယာ က ပြောဆို သွားခဲ့ ပါတယ် ။

ဒီမာရီယာ ဟာ လက်ရှိ မှာတော့ PSG အသင်းနဲ့ ၇ ရာသီမြောက် ကို ဖြတ်သန်းနေပြီ ဖြစ်ပါတယ် ။ အာဂျင်တီးနားသားဟာ ပြင်သစ် ကလပ် အတွက် ပွဲပေါင်း ၂၆၀ ကျော် ကစား ထားခဲ့ပြီး အမှတ်ပေး ဖလား နဲ့ ရှုံးထွက် ဖလားတွေကို ရယူထား နိုင်ခဲ့ ပါတယ် ။

Credit – SM