Sports

အာဆင်နယ်သင်းဟာ ချန်ပီယံဆုရှိတဲ့ လမ်းကြောင်းကိုမှ ရှောင်ကွင်းသွားနေတဲ့ အဓိက အ​ကြောင်းရင်း နှစ်ချက်ကို ပြောဆိုလိုက်တဲ့ ဆက်ဂ်ညာ….

ပြင်သစ် နဲ့ အာဆင်နယ် ညာနောက်ခံလူဟောင်း ဆက်ဂ်ညာ က ၂၀၀၄ ခုနှစ်နောက်ပိုင်း အသင်းမှာ အရည်အသွေးမြင့်​ လူငယ်တွေ များပြား ခဲ့ပေမယ့် လမ်းညွှန်ပေးနိုင်တဲ့ စီနီယာ ကစားသမားတွေ များများစားစား မရှိခြင်းက ချန်ပီယံဆုနဲ့ ဝေးကွာခဲ့ရတဲ့ အကြောင်းအရင်းတစ်ချက်လို့ ဆိုပါတယ် ။

အာဆင်နယ် အသင်းဟာ ၂၀၀၃-၂၀၀၄ ခုနှစ်မှာ ပရီးမီးယားလိဂ် ချန်ပီယံ ဆု ကို ရှုံးပွဲ မရှိ စံချိန်နဲ့ ရယူ ပြီးကတည်းက ပရီးမီးယားလိဂ် ဖလား နဲ့ အလှမ်းဝေးနေခဲ့တာ ဖြစ်ပြီး အခုဆို ၁၇ နှစ်တိုင်တိုင် ရှိသွားခဲ့ပြီ ဖြစ်ပါတယ် ။

နောက်ပိုင်း နှစ်တွေမှာဆို အာဆင်နယ် အသင်းဟာ ချန်ပီယံဆုကို စိန်ခေါ်ဖို့ထက် ထိပ်ဆုံးလေးသင်းထဲ ဝင်ရောက်နိုင်ဖို့ကိုပဲ အဓိက ပစ်မှတ်ထားနေရပြီး ချန်ပီယံလိဂ် ကစားခွင့်မရတာလည်း ၅ နှစ်ဆက် ရှိသွားခဲ့ပြီ ဖြစ်ပါတယ် ။

ပြီးခဲ့တဲ့ရာသီမှာဆို အာဆင်နယ် အသင်းဟာ ပရီးမီးယားလိဂ်မှာ အဆင့် ၈ သာ ရခဲ့ပြီး နှစ်ပေါင်း ၂၅ နှစ် အတွင်း ပထမဆုံး အကြိမ် ဥရောပ ဝင်ခွင့် နဲ့ လွဲချော် ခဲ့ရပါတယ် ။ ဒီရာသီမှာလည်း အာဆင်နယ် အသင်းဟာ ရလဒ်တွေ ဆိုးရွားနေပြီး အမှတ်ပေး ဇယား အောက်ဆုံး ရောက်နေပါတယ် ။

ဆက်ဂ်ညာ က ၂၀၀၄ ခုနှစ်နောက်ပိုင်း အာဆင်နယ် အသင်း PL ချန်ပီယံဆု နဲ့ အလှမ်းဝေး နေတဲ့ အပေါ် ” စီနီယာ ကစားသမားတွေသာ များများစားစား ရှိရင် ရလဒ်က တစ်မျိုး ပြောင်းလဲ သွားနိုင်ပါတယ် ။ မှတ်မှတ်ရရ ကျနော် အာဆင်နယ် အသင်းကို စရောက်တဲ့ နှစ်ပေါ့ဗျာ ၊ အဲ့တုန်းက မတ်လကုန်မှာ ကျွန်တော်တို့က ထိပ်ဆုံးမှာ ၁၀ မှတ်လောက်ပြတ် ဦးဆောင်နေပါတယ် ၊ ဒါပေမယ့် နောက်ပိုင်းမှာ ဆက်တိုက် ခြေချော်သွားခဲ့ပါတယ် ။ “

” အဲ့တုန်းကသာ အရင်တုန်းက အာဆင်နယ် နဲ့ ချန်ပီယံ ဖြစ်ခဲ့ဖူး တစ်ဦးလောက် ရှိနေရင် ကျွန်တော်တို့ လူငယ်တွေ ပွဲအပေါ် ပိုအာရုံစိုက်နိုင်အောင် သူ ထိန်းကျောင်း ပေးနိုင်မှာပါ ၊ ကျွန်တော်တို့ အသင်း ကို နောက်ကလိုက်နေတဲ့ အသင်းတွေ အကြောင်း ပိုအာရုံစိုက်နိုင်မှာပါ ၊ ကျွန်တော်တို့ အမှတ်တွေ အလွယ်တကူပေးခဲ့ရပါတယ် ။ “

” ကျွန်တော်တို့ နောက်ဆုံး မိနစ်မှာ ဂိုးပေးလိုက်ရပြီး ဘာမင်ဂမ် ကို သရေကျခဲ့တဲ့ ပွဲအပြီးမှာတောင် ကစားပုံက အကောင်းဆုံး မဟုတ်ခဲ့ပေမယ့် ချန်ပီယံ ဖြစ်နိုင်ချေ ရှိနေပါသေးတယ် ၊ ဒါပေမယ့် အဲ့ဒီပွဲပြီးတော့ အားလုံးက ကမ္ဘာပျက်သလိုကို ဖြစ်သွား ခဲ့ကြတာပါ ၊ အရင်တုန်းကနဲ့ လုံးဝ ခြားနားသွားပါတယ် ။ “

” အဲ့တုန်းကသာ စီနီယာ ကစားသမား တစ်ဦးက ‘ ဒါ အမှားအယွင်း တစ်ခုမျှသာပဲ ၊ ခြေချော်တာမျိုးကလည်း ဖြစ်တတ်ပါတယ် ၊ ငါတို့မှာ အရည်အချင်း ရှိတာပဲ ၊ ချန်ပီယံ ဖြစ်နိုင်ပါတယ် ၊ ဒါပေမယ့် ကြိုးစား အားထုတ်ဖို့တော့ လိုတယ် ၊ ဒါကြောင့် လာမယ့်ပွဲတွေကိုပဲ အာရုံစိုက်ကြစို့ ။ ‘ လို့ ပြောလာခဲ့ရင် တစ်မျိုးတစ်ဖုံ ပြောင်းလဲ သွားနိုင်ပါတယ် ။ “

” ကျွန်တော်တို့က အမှားတစ်ခုလောက် လုပ်မိတာနဲ့ အားလုံးက စိတ်ပျက် စိတ်ညစ်သွားကြတာပါပဲ ၊ ရက်သတ္တပတ်အတော်ကြာကို စိတ်ဓတ်ကျနေကြတာမျိုးပါ ၊ ဒါတွေကြောင့်လည်း ချန်ပီယံဆု နဲ့ အလှမ်းဝေး ခဲ့ရတာပေါ့ဗျာ ။ “

ဒ့ါအပြင် ဆက်ဂ်ညာက သူအပါအဝင် ကစားသမားကောင်းတွေ နှစ်တိုင်း ထွက်ခွာနေတာဟာ ပရီးမီးယားလိဂ် ချန်ပီယံဆုနဲ့ ဝေးကွာခဲ့ရတဲ့ အကြောင်းအရင်း နောက်တစ်ချက် လို့ ဆိုပါတယ် ။ ” ပြဿနာက ကျွန်တော်တို့ အသင်းက ကစားသမားကောင်းတွေ နှစ်တိုင်း ဆုံးရှုံး နေရတာပါ ၊ ကျွန်တော်လည်း အပါအဝင်ပါပဲ ။ “

” အသင်းကို တည်ဆောက်လိုက် ကစားသမားတွေက ထွက်လိုက်နဲ့ လုံးလည်ချာလည် လိုက်နေခဲ့တာပါ ၊ ကျွန်တော်လည်း အသင်းမှာ ၇ နှစ်ကြာ ကစားပြီး စာချုပ် ကုန်တော့ ထွက်ခွာ ခဲ့ပါတယ် ၊ နှစ်တိုင်း ပုံမှန် အဓိက ကစားသမားတွေ ထွက်နေခဲ့တာပါ ။ “

” သူတို့ ထွက်တော့ အသင်းကို ပြန်ပြန်ပြီး တည်ဆောက် ရတာပေါ့ဗျာ ၊ အချိန်တွေဖြုန်းမိသလိုမျိုး ဖြစ်နေခဲ့ပါတယ် ၊ ကျွန်တော်တို့သာ ကစားသမားတွေ မထွက်နိုင်အောင် ထိန်းနိုင်ခဲ့ရင် အထိုင်ကျတဲ့ အသင်းတစ်သင်းကို တည်ဆောက်နိုင်ရင် အရင်တုန်းက ရခဲ့တဲ့ အောင်မြင်မှုမျိုး ရနိုင်ခဲ့မှာပါ ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

Crd – SM