Local News

ကြယ်စင်ရဲ့ (၆)လပြည့်နေ့မှာ သူမနောက်ဆုံးဝတ်ဆင်ခဲ့တဲ့ တီရှပ်ပုံစံအတိုင်းဝတ်ဆင်ကြပြီး သွေးမအေးဘဲလမ်းပေါ်ထွက်လာကြတဲ့ မန္တလေးမြို့မြင်ကွင်း

ပြည်သူလူထုကတော့ တစ်ရက်ပြီးတစ်ရက်ကုန်ဆုံးသွားပေမယ့် အင်အားအပြည့်နဲ့ အာဏာရှင်ကိုတော်လှန်နေကြဆဲဖြစ်ပါတယ်။

ကျဆုံးသူရဲကောင်းတွေ ဖမ်းဆီးခံထားရသူတွေအတွက် ပြည်သူတွေက ဘယ်တော့မှသွေးမအေးကြဘဲ တတ်နိုင်တဲ့နေရာကနေလှုပ်ရှားနေကြတာဖြစ်ပါတယ်။

မန္တလေးမြို့မှာဆိုရင်လည်း နေ့တိုင်းနီးပါးဆိုသလိုပြည်သူတွေကလမ်းပေါ်ထွက်ပြီး သူတို့ရဲ့ရင်တွင်းဆန္ဒတွေကိုထုတ်ဖော်နေကြတာဖြစ်ပါတယ်။

ဒီနေ့မနက်ပိုင်းမှာဆိုရင်လည်း မန္တလေးသူ၊မန္တလေးသားတွေက အပစ်အခတ်၊အဖမ်းအဆီးတွေကို မကြောက်ကြဘဲ စည်းစည်းလုံးလုံးနဲ့လမ်းပေါ်ထွက်လာကြပါတယ်။

(၃.၉.၂၀၂၁)ရက်နေ့ကတော့ မန္တလေးမြို့မှာ ကျဆုံးသွားတဲ့ကြယ်စင်ရဲ့ (၆)လပြည့်နေ့လည်း ဖြစ်လို့ မန္တလေးမြို့နေပြည်သူတွေက (၆)လပြည့်အထိမ်းအမှတ်အဖြစ် ဆင်နွှဲခဲ့ကြတာဖြစ်ပါတယ်။ဒါ့အပြင် ပြည်သူတွေအကုန်လုံးက ဆင်တူတီရှပ်တွေလည်း ဝတ်ဆင်ထားကြတာကို ပုံထဲမှာတွေ့ရပါတယ်။

အဲ့ဒီတီရှပ်ပုံစံကတော့ သူရဲကောင်းမလေးကြယ်စင် နောက်ဆုံးဝတ်ဆင်ခဲ့တဲ့ “Everything Will Be Ok”စာတန်းပါတီရှပ်လိုမျိုးဖြစ်ပါတယ်။ကြယ်စင်ကတော့ သူရဲကောင်းစိတ်ဓာတ်အပြည့်နဲ့ တော်လှန်ရေးမှာ တက်တက်ကြွကြွပါဝင်အားဖြည့်ပေးခဲ့ပေမယ့် အသက်ငယ်ငယ်နဲ့ ကျဆုံးခဲ့ရတာဖြစ်ပါတယ်။

ဒါ့ကြောင့် မန္တလေးသူ၊မန္တလေးသားတွေလည်း သူမအတွက်ဝမ်းနည်းကြပြီး ဒီနေ့လေးကို အမှတ်တရဖြစ်အောင်ပြုလုပ်ခဲ့ကြတဲ့ပုံရိပ်တွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Credit