Local News

ကမ္မဝါကို လောင်ချာဖြင့်လဲလိုက်သည့် မန္တလေးမှသံဃာတစ်ပါး(အပြည့်စုံဖတ်ရန်နှိပ်ပါ)

ကမ္မဝါကို လောင်ချာဖြင့်လဲလိုက်သည့် မန္တလေးမှသံဃာတစ်ပါး(အပြည့်စုံဖတ်ရန်နှိပ်ပါ)

သစ်ပင်တစ်ပင်အောက်တွင် ပြောက်ကျားစစ်ဝတ်စုံဖြင့် လူတစ်ဦးထိုင်နေသည်။ လက်တစ်ဖက်ဖြင့် ဗုံးသီးတပ်ထားသော လောင်ချာသေနတ်ကိုင်လျက် အခြားလက်ဖြင့် အာဏာရှင်ဆန့်ကျင်ရေးအမှတ်အသား လက်သုံးချောင်း ထောင်ပြထားသည်။

လောင်ချာသေနတ်ကို ခပ်တင်းတင်းဆုပ်ကိုင်ထားသူ ခပ်ပြောင်ပြောင် မဟာနဖူးပိုင်ရှင်၏ ရုပ်သွင်မှာ တစ်စုံ တစ်ရာကို ယတိပြတ်ဆုံးဖြတ်ထားဟန်ရှိသည်။ သူသည် များမကြာမီကမှ ရဟန်းတို့ ရွတ်ဖတ် သရဇ္ဈယ်ရသော ကမ္မဝါကို လက်လွှတ်ခဲ့သူဖြစ်သည်။

“လူသတ်ဖို့ဆိုတာ လူသားတစ်ယောက်အနေနဲ့ ခဲယင်းတဲ့အလုပ်ပါဗျာ။ ဒါပေမဲ့ စနစ်တစ်ခုကို တိုက်တဲ့ပွဲဗျ။ ဒီတိုက်ပွဲမှာ လူသတ်ချင်လည်း သတ်ရမယ်။ မသတ်ချင်လည်း မသတ်ရဘူး။ လူသတ်ရမယ်လို့ ခံယူထားတာ မဟုတ်ဘူး။ ကံဆိုတဲ့အလုပ်တစ်ခုနဲ့ပဲ ဒီစနစ်တစ်ခုကို တိုက်ယူနေကြတယ်” ဟု ရဟန်းဘဝကို စွန့်လွှတ်ခဲ့သူ မဟာနဖူးပိုင်ရှင်က ဆိုသည်။

သူ၏အမည်မှာ ကိုမောင်မောင်သော်ဖြစ်သည်။ စစ်အာဏာရှင်ဖြုတ်ချရေးအတွက် လက်နက်ကိုင်တိုက်ပွဲဝင်ရန် ရဟန်းပျိုဘဝကို စွန့်လွှတ်ခဲ့သူ မန္တလေးမှ ရဟန်းပျိုတစ်ပါးဖြစ်သည်။ ရဟန်းဘွဲ့အမည်မှာ အရှင်ပညာသီရိဖြစ်သည်။ ဗုဒ္ဓတက္ကသိုလ်တွင် နောက်ဆုံးနှစ်တက်ရောက်ခဲ့သူလည်း ဖြစ်သည်။

မေလလယ်ပိုင်းတွင် ရဟန်းဝါ ၁၁ ဝါ ရနေပြီဖြစ်သော ရဟန်းဘဝကို စွန့်လွှတ်ရန် အရှင်ပညာသီရီ ဆုံးဖြတ်ခဲ့သည်။ အာဏာသိမ်းမှုကိုဆန့်ကျင်သော မန္တလေးမြို့မှ သံဃာ့သပိတ်စစ်ကြောင်းတွင် အရှင်ပညာသီရိ နေ့စဉ်ရက်ဆက် ပါဝင်ဆန္ဒပြခဲ့သည်။ မေလ ၁၆ ရက်နေ့အထိဖြစ်သည်။

အာဏာသိမ်းစစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်မှုများအပေါ် မခံမရပ်နိုင်ဖြစ်လာသည့်အဆုံး လက်နက်ကိုင်တော်လှန်ရေးလုပ်ရန် ရင်းနှီးသည့် ရဟန်းဖော်တစ်ဦးနှင့် တိုင်ပင်ဖြစ်ခဲ့သည်။ မိဘနှစ်ပါးလုံး မရှိတော့သည့်အပြင် မွေးချင်းမောင်နှမများနှင့်လည်း ဝေးကွာနေသူ စာသင်သားရဟန်းတစ်ပါးဖြစ်နေရာ အခြားတိုင်ပင်စရာ လူမရှိပေ။

အာဏာသိမ်းမှုကို ဆန့်ကျင်သော မန္တလေးမြို့မှ သံဃာ့သပိတ်စစ်ကြောင်းတွင် အရှင်ပညာသီရိ နေ့စဉ်ရ က်ဆက် ပါဝင်ဆန္ဒပြခဲ့သည်။

နောက်ပိုင်းတွင် ပြည်နယ်တစ်ခုရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတစ်ခုထံ သွားရောက်ရန် အဆက်အသွယ်ရသည်။ PDF ထဲဝင်လိုသူ လူငယ်တချို့နှင့်အတူ လက်နက်ကိုင်တော်လှန်ရေး စတင်ရန် အရှင်ပညာသီရိ မန္တလေးမြို့မှထွက်ခဲ့သည်။ ရဟန်းဝတ်ဖြင့် သူတစ်ဦးတည်းသာဖြစ်သည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းရှိရာ လွတ်မြောက်နယ်မြေရောက်ရှိရန် သုံးညအိပ် လေးရက်ခရီးကြာ ကားဖြင့် အဆင့်ဆင့်သွားခဲ့ရသည်ဟု ဆိုသည်။ သင်္ကန်းဝတ်ဖြင့်ပင် ခရီးသွားခဲ့ခြင်းဖြစ်ကာ လွတ်မြောက်နယ်မြေမရောက်မီ မြို့တစ်မြို့တွင် လူဝတ်လဲခဲ့သည်ဟု ကိုမောင်မောင်သော်က ပြောသည်။

သာမဏေငယ်များပါမချန် ရဟန်းသံဃာများအပေါ် စစ်သားများ၏ ရိုင်းစိုင်းကြမ်းကြုတ်မှုကို လက်တွေ့ ကြုံခဲ့ရပြီးနောက် ခံပြင်းစိတ်ဖြင့် လက်နက်ကိုင်တော်လှန်ရေးလုပ်ရန် ဆုံးဖြတ်ဖြစ်ခဲ့သည်ဟု အရှင်ပညာသီရိတစ်ဖြစ်လဲ ကိုမောင်မောင်သော်က ဆိုသည်။

“ကိုရင်လေးတွေ ဖယောင်းတိုင်လေးတွေနဲ့ ဒီတိုင်းပဲ ငြိမ်းချမ်းအောင်လို့ ဆုတောင်းပြီး မေတ္တာသုတ်လေး ရွတ်တာ။ ဒါမျိုးတွေကို ရိုင်းရိုင်းစိုင်းစိုင်းနဲ့ ဖယောင်း တိုင်တွေကို တက်နင်းချေဖျက်။ အဲဒီလိုမျိုးတွေ လုပ်သွားတာ။ ကျောင်းတိုက်ထဲကို သေနတ်ပြောင်းကြီးတွေချိန်ပြီး ဟေ့ကောင်တွေဆိုပြီး ဝင်လာတာမျိုးတွေ။ တော်တော်လေးကို ခံပြင်းသွားတာ” ဟု ၎င်းက ပြောသည်။

“လူထုအကုန်လုံးပေါ့။ ကျွန်တော်တစ်ယောက်တည်းအတွက်ဆိုရင်တော့ အထူးအထွေ ဘာမှပြောစရာ မရှိဘူးပေါ့။ ဒါပေမယ့် လူထုအများကြီးအတွက်ဆိုရင်တော့ တော်တော်လေး ဘဝနာစရာကောင်းသလို စိတ်ထဲလည်း ခံပြင်းစရာကောင်းတယ်” ဟုလည်း စစ်အာဏာသိမ်းမှုအပေါ် ရဟန်းလူထွက် ကိုမောင်မောင်သော်က မှတ်ချက်ပြုသည်။

စစ်အာဏာရှင်အောက်တွင် ဖောက်ပြန်နေသော စစ်သားများနှင့် ရဲများကို မြင်တွေ့ရင်းက အရှင်ပညာသီရိ သီတင်းသုံးရာ တောင်မြို့ခေါ် အမရပူရရှိ တောင်သမန်အင်းအနီးမှ နာမည်ကျော်စာသင်တိုက်ကြီးကို ကျောခိုင်းရန် ဖြစ်လာသည်။ (ထိုနာမည်ကျော် စာသင်တိုက်ကြီးမှ အရှင်ပညာသီရိ ပထမကြီးတန်း အောင်မြင်ခဲ့သည်။) ငြိမ်းချမ်းအေးမြသော အရှင်ပညာသီရိ၏ ရဟန်းဘဝကို စစ်အာဏာရှင်က ဖျက်ဆီးခဲ့သည်။

အသက် ၃၁ နှစ်အရွယ် အရှင်ပညာသီရိမှာ ရဟန်းဘဝဖြင့် အရိုးထုတ်မည် စိတ်ကူးခဲ့သော်လည်း စစ်အာဏာသိမ်းမှုကြောင့် မြင့်မြတ်သော ရဟန်းဘဝကို လမ်းခုလတ်တွင် စွန့်လွှတ်ခဲ့ရသည်။ ကမ္မဝါကို လောင်ချာဖြင့် လဲကိုင်ခဲ့ရသည်။

လူမဆန်လှသော စစ်အာဏာရှင်ဖြုတ်ချရေး မဟုတ်ပါခဲ့ပါလျှင် ပါရာဇိကလေးပါး အပါအဝင် ၂၂၇ သွယ်သော သိက္ခာပုဒ်များကို စောင့်ထိန်းရသူ ရဟန်းတစ်ပါးအတွက် လက်နက်ကိုင်လမ်းစဉ်က လွန်စွာ ခက်ခဲမည်ဖြစ်သည်။

Credit