Sports

မက်ဆီ ရဲ့ စံချိန်ကို ရိုက်ချိုးသွားပြတော့မယ့် ရော်နယ်ဒို

ခရစ္စတီယာနို ရိုနယ်ဒို ဟာ ကမ္ဘာတဝှမ်း မှာ ပရိသတ်ပေါင်း သန်းရာချီ ပိုင်ဆိုင် ထားသူ ဖြစ်ပါတယ် ။

သူ့ရဲ့ အဓိက ဆိုရှယ်မီဒီယာ ပလက်ဖောင်း ၃ ခု ( Facebook, Twitter, Instagram ) က ပရိသတ် စုစုပေါင်းဟာ

သန်း ၅၀၀ အထက် ရှိနေပြီး ဒီလို များပြားလှတဲ့ ပရိသတ် အင်အားဟာ ပေါ်တူဂီ တိုက်စစ်မှူးကြီး ရဲ့ စီးပွားရေး လုပ်ငန်းတွေ ၊ ကြော်ငြာတွေ အတွက် အကျိုးအမြတ် များစွာ ဖြစ်ထွန်း စေခဲ့ ပါတယ် ။

အခုချိန် မှာတော့ ရိုနယ်ဒို ဟာ အသင်းဟောင်း မန်ချက်စတာ ယူနိုက်တက် ကို ပြန်လည် ပြောင်းရွှေ့ ခဲ့ပါပြီ ။

ရိုနယ်ဒို ဟာ မန်ချက်စတာ ယူနိုက်တက် မှာ အရင်တုန်းက ဝတ်ဆင် ခဲ့တဲ့ ကျောနံပါတ် ၇ ကိုပဲ ပြန်လည် ဝတ်ဆင် သွားမှာပါ ။

ဒါဟာ မန်ချက်စတာ ယူနိုက်တက် ပရိသတ်တွေ အနှစ်နှစ် အလလ စောင့်ဆိုင်း နေတဲ့ အိပ်မက် တခုပါပဲ ။

ရိုနယ်ဒို ကို ခေါ်ယူပြီးစီးကြောင်း ကြေညာ အပြီးမှာ မန်ချက်စတာ ယူနိုက်တက် ရဲ့ ဆိုရှယ်မီဒီယာ အကောင့် တွေမှာ ပရိသတ်တွေ သိန်းချီ တိုးပွား လာခဲ့ ပါတယ် ။

အသင်းရဲ့ တရားဝင် Instagram အကောင့်ဟာ ဇူလိုင်လ အထိ ပရိသတ် ၆ သိန်း ၇ သောင်းကျော်သာ ရှိနေရာကနေ တလ အကြာမှာတော့ ပရိသတ် ၄၄ သိန်းကျော် ဖြစ်သွားခဲ့ ပါပြီ ။

အသင်းရဲ့ ရှယ်ယာ ဟာလည်း ပေါင် သန်း ၃၀ ကျော် ထိုးတက် သွားခဲ့ပြီး နောက်ထပ် စပွန်ဆာတွေ လည်း ရရှိဖို့ အလားအလာ များပြား လာခဲ့ ပါတယ် ။

ဒါတွေဟာ ရိုနယ်ဒို ရောက်ရှိ လာမှုရဲ့ အကျိုးအမြတ်တွေ ပါပဲ ။

ရိုနယ်ဒို နံပါတ် ၇ ဂျာစီကို ဝတ်ဆင်မယ်လို့ တရားဝင် ကြေညာချက် ထွက်ပေါ် အပြီးမှာလည်း အသင်းရဲ့ ဂျာစီ ရောင်းအားဟာ အံ့သြဖွယ် ကောင်းလောက်အောင် မြင့်တက် သွားခဲ့ရ ပါတယ် ။

ယမန်နေ့က မန်ချက်စတာ ယူနိုက်တက် ရဲ့ အိုးထရက်ဖိုဒ့် ကွင်းရှေ့ မှာ ရိုနယ်ဒို ဂျာစီ ဝယ်ယူဖို့ တန်းစီ စောင့်ဆိုင်း နေတဲ့ လူတန်းရှည်ကြီး ရဲ့ ဓါတ်ပုံတွေကို ဆိုရှယ်မီဒီယာ ထက်မှာ မြင်တွေ့ ခဲ့ကြရ မှာပါ ။

လက်ရှိ ကြားသိရတဲ့ အချိန်အထိ ရိုနယ်ဒို ရဲ့ မန်ယူနိုက်တက် ဂျာစီ ဟာ ၁၂ နာရီ အတွင်းမှာတင် အထည်ပေါင်း ၅ သိန်း ကျော် ရောင်းချ / မှာယူ ထားပြီး ဖြစ်တယ်လို့ သိရ ပါတယ် ။

ဒါကြောင့် ၂၄ နာရီ ပြည့်ချိန် မှာ ပေါ်တူဂီ သားကြီး အမည် နဲ့ ကျောနံပါတ် ပါဝင်တဲ့ ဂျာစီ ရောင်းချ ရမှုဟာ အနည်းဆုံး ၈ သိန်း ကနေ ၉ သိန်း အကြား ရှိလိမ့်မယ်လို့ တွက်ချက် ထားကြပါတယ် ။

ဒါဟာ ဘောလုံး သမိုင်း တလျောက် ၂၄ နာရီ အတွင်းမှာ ဂျာစီ အရေအတွက် အများဆုံး ရောင်းချရမှု ဖြစ်လာ မှာပါ ။

ဒါ့အပြင် ရိုနယ်ဒို ဟာ သူ့ရဲ့ အရင်စံချိန်ဟောင်း ကို ကျော်ဖြတ် သွားတဲ့ မက်ဆီ ရဲ့ စံချိန် ကိုလည်း မန်ချက်စတာ ယူနိုက်တက် ကို ပြောင်းရွှေ့မှု နဲ့ ပြန်လည် ချိုးဖျက် နိုင်မယ်လို့လည်း သတင်းတွေက ဖော်ပြ လာခဲ့ ပါတယ် ။

PSG ကို ပြောင်းရွှေ့ ခဲ့တဲ့ လီယွန်နယ် မက်ဆီ ရဲ့ ကျောနံပါတ် ၃၀ ဂျာစီ တွေဟာ ပထမ ၁ နာရီ အတွင်းမှာ အရေအတွက် ၂ သိန်းကျော် ရောင်းချ ခဲ့ရပါတယ် ။

ဒီ ဂျာစီဟာ ၂၄ နာရီ အကြာမှာ ၈ သိန်းကျော် ရောင်းချ နိုင်ခဲ့တယ် လို့ သတင်းတွေ က ဖော်ပြ ခဲ့ပေမယ့် PSG အသင်း ဘက်ကတော့ ဒီသတင်းကို မှန်ကန်ကြောင်း အတည်ပြုဖို့ ငြင်းဆန် သွားခဲ့ ပါတယ် ။

ဒီလိုမျိုး စံချိန်တင် အရေအတွက် နဲ့ ရောင်းချ ရမှု ဟာ PSG နဲ့ မန်ချက်စတာ ယူနိုက်တက် တို့ထက် ဂျာစီ စပွန်ဆာတွေ ဖြစ်တဲ့ Nike နဲ့ Adidas တို့ကို ပိုမို အကျိုးအမြတ် ဖြစ်ထွန်း စေခဲ့ ပါတယ် ။

ဂျာစီ စပွန်ဆာ ပေးတဲ့ ကုမ္ပဏီတွေဟာ စာချုပ်ပါ ရာခိုင်နှုန်း အတိုင်းသာ ရောင်းချရငွေကို ကလပ်အသင်းတွေ ထံ ပေးအပ် တာ ဖြစ်ပြီး PSG ဟာ Nike နဲ့ စာချုပ်အရ ဂျာစီ ရောင်းရငွေရဲ့ ၅-၁၀% ကိုသာ ရရှိမှာ ဖြစ်ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် ကလည်း Adidas နဲ့ ချုပ်ဆို ထားတဲ့ စာချုပ်အရ ဂျာစီ ရောင်းရငွေရဲ့ ၇% သာ ရရှိမှာ ဖြစ်တယ်လို့ သိရ ပါတယ် ။

Adidas ကတော့ သူတို့ရဲ့ အားကစား ထုတ်ကုန် ၄ ပုံ ၁ ပုံကို ထုတ်လုပ် ပေးနေတဲ့ ဗိယက်နမ် က စက်ရုံတွေ ပိတ်ထားရမှုကြောင့် ရိုနယ်ဒို ရဲ့ ဂျာစီရောင်းအား ကို ဖြည့်ဆည်း ပေးနိုင်ဖို့ အခက်အခဲ နဲ့ ကြုံ့တွေ့ နေရတယ်လို့ ကြားသိရ ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် အသင်း ဝက်ဘ်ဆိုက် မှာ အချို့ ဂျာစီတွေ ဟာ နိုဝင်ဘာလ အထိ တင်ပို့ ပေးခြင်း မပြု နိုင်ကြောင်း ရေးသား ဖော်ပြ ထားတာကြောင့် ဝယ်ယူ အားပေး လိုသူတွေ အတွက် ဂျာစီ အစစ်အမှန်တွေ ကို အချိန်မီ ရရှိဖို့ ခက်ခဲ လာခဲ့ ပါတယ် ။

“အရမ်းကို ရောင်းအား မြင့်မားလာမယ့် အခြေအနေ အတွက် ကျွန်တော်တို့ မန်ယူနိုက်တက် အသင်းနဲ့ အတူ ချိတ်ဆက် လုပ်ဆောင် နေပါတယ် ။

ဒါပေမယ့် လက်ရှိ အနေအထား နဲ့ ကတော့ မျှော်လင့် ထားသလောက် ရနိုင်ဖို့ မလွယ်ကူပါဘူး” လို့ Adidas ရဲ့ ပြောရေးဆိုခွင့် ရှိသူက ပြောဆို သွားခဲ့ ပါတယ် ။

ရိုနယ်ဒို ဟာ လာမယ့် စက်တင်ဘာ ၁၁ ရက်နေ့ မှာ ကစားမယ့် မန်ချက်စတာ ယူနိုက်တက် – နယူးကာဆယ် ပွဲစဉ် မှာ ယူနိုက်တက် နဲ့ စတင်ပွဲထွက် မယ်လို့ သတင်းကြီး နေပါတယ် ။

အဆိုပါ နေ့မတိုင်ခင်မှာ ရိုနယ်ဒို ရဲ့ မန်ချက်စတာ ယူနိုကတက် နံပါတ် ၇ ဂျာစီ ရောင်းအားဟာ အရေအတွက် ၁ သန်း ကျော်လွန်ပြီး စံချိန်သစ်တွေ ထပ်မံ ရယူဖို့ ရှိနေတယ်လို့ သုံးသပ် ထားကြပါတယ် ။

 

Crd-SPORTS MYANMAR