Sports

ပရီးမီးယားလိဂ်သမိုင်းမှာ စံချိန်သစ် နောက်တခု ထပ်တိုးပေါင်းထည့်လိုက်တဲ့ – ရော်နယ်ဒို

ပရီးမီးယားလိဂ်သမိုင်းမှာ စံချိန်သစ် နောက်တခု ထပ်တိုးပေါင်းထည့်လိုက်တဲ့ – ရော်နယ်ဒို

ပရီးမီးယားလိဂ်ရဲ့ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ သူတို့အသင်းထံ ယခုနှစ် နွေဈေးကွက် အတွင်းမှာ ပြန်ရောက်လာတဲ့ ခရစ္စတီယာနို ရိုနယ်ဒိုဟာ ကျောနံပါတ်၇ကို ဝတ်ဆင်မယ်လို့ ကြေညာအပြီး ၁၂နာရီ အတွင်းမှာ ရိုနယ်ဒိုရဲ့ ဝတ်စုံရောင်းချမှုကနေ ဝင်ငွေ ပေါင် ၅သန်း နီးပါး ရရှိခဲ့ကြောင်း သိရပါတယ်။

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ယခုနှစ် နွေဈေးကွက် အတွင်းမှာ အသင်းရဲ့ ကစားသမားဟောင်း ရိုနယ်ဒိုကို ဂျူဗင်တပ်အသင်း ကနေ စုစုပေါင်း ပြောင်းရွှေ့ကြေး ယူရို ၂၃သန်း (ပေါင် ၂၀သန်းဝန်းကျင်)နဲ့ ပြန်လည် ခေါ်ယူခဲ့ကာ စုစုပေါင်း ၃နှစ် သက်တမ်း ရှိမယ့် စာချုပ်တရပ် ချုပ်ဆိုခဲ့ပါတယ်။

ရိုနယ်ဒိုဟာ အသက် ၃၆နှစ် အရွယ် ရှိနေပြီ ဖြစ်ပေမယ့် ယခုအချိန် အထိ ဥရောပရဲ့ အကောင်းဆုံး တိုက်စစ်မှူးတွေထဲက တဦး အဖြစ် မှတ်တမ်းဝင်နေဆဲ ဖြစ်သလို သူ့ရဲ့ ကမ္ဘာတလွှားမှာ ရှိတဲ့ ပရိသတ် အင်အားကြောင့် သူ့ကို ခေါ်ယူနိုင်တဲ့ အသင်းတိုင်းဟာ ဝင်ငွေများစွာ ရရှိလေ့ ရှိပါတယ်။

လက်ရှိမှာတော့ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ရိုနယ်ဒိုကို အသင်းထံ ပြန်လည် ခေါ်ယူနိုင်ခဲ့ကြောင်းနဲ့ ရိုနယ်ဒိုရဲ့ ကျောနံပါတ်၇ပါ ဝတ်စုံတွေကို စတင် ရောင်းချတော့မယ့် အကြောင်း ကြေညာအပြီး ၁၂နာရီ အတွင်း ရိုနယ်ဒိုရဲ့ ဝတ်စုံတွေကို ရောင်းချရာ ကနေ စုစုပေါင်း ဝင်ငွေ ပေါင် ၃၂.၅သန်း အထိ ရရှိခဲ့ပြီး ဒါဟာ ပရီးမီးယားလိဂ်ရဲ့ သမိုင်းမှာပါ စံချိန်တင် ဝတ်စုံရောင်းအား ဖြစ်ခဲ့ပါတယ်။

ဒါပေမယ့် မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ရိုနယ်ဒိုရဲ့ ဝတ်စုံတွေကို ရောင်းချရာကနေ ရရှိလာတဲ့ ဝင်ငွေရဲ့ ၁၅ရာခိုင်နှုန်း ဝန်းကျင်သာ ရရှိကာ ကျန်တဲ့ ၈၅ ရာခိုင်နှုန်းကိုတော့ သူတို့အသင်းရဲ့ ဝတ်စုံ စပွန်ဆာ ကုမ္ပဏီ ဖြစ်တဲ့ Adidasက ရရှိတာကြောင့် ပေါင် ၃၂.၅သန်းရဲ့ ၁၅ရာခိုင်နှုန်း ဖြစ်တဲ့ ပေါင် ၄.၈သန်းကျော် ရရှိခဲ့ပါတယ်။

ယခုအချိန်မှာတော့ ရိုနယ်ဒိုရဲ့ ကျောနံပါတ်၇ပါ ဝတ်စုံတွေကို ဝယ်ယူဖို့ အတွက် စောင့်ဆိုင်းနေကြတဲ့ မန်ချက်စတာ ယူနိုက်တက် ပရိသတ်တွေဟာ အတော်လေးကို များပြားတာကြောင့် မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ဝင်ငွေတွေဟာ ဆက်လက် မြင့်တက်ဖွယ် ရှိပြီး ကျွမ်းကျင်သူတွေ ကတော့ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ရိုနယ်ဒိုရဲ့ ဝတ်စုံရောင်းအား ကနေ စုစုပေါင်း ပေါင် ၄၀သန်း ဝန်းကျင် အထိ ရရှိနိုင်ကြောင်း ခန့်မှန်းထားကြပါတယ်။

Credit