Sports

ရော်နယ်ဒိုလို ပုံစံမျိုး အောင်ပွဲခံခဲ့တဲ့ အကြောင်းရင်းကို ရှင်းပြသွားခဲ့တဲ့ လင်ဂတ်

ဂျယ်စီလင်ဂတ်က မနေ့ညက အန်ဒိုရာကို အင်္ဂလန်တို့ ၄-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်မှာ ခရစ်စတီယာနိုရော်နယ်ဒို ပုံစံမျိုး အောင်ပွဲခံခဲ့ခြင်းဟာ မန်ချက်စတာယူနိုက်တက်ကို ပြန်ရောက်လာခဲ့တဲ့ ပေါ်တူဂီစတားကို welcoming gift ပေးတာ ဖြစ်တယ်လို့ ရှင်းပြသွားခဲ့ ပါတယ်။

ဆောက်ဂိတ်ဟာ အန်ဒိုရာနဲ့ ၀င်ဘာလေမှာ ကစားခဲ့တဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲမှာ ပြီးခဲ့တဲ့ ဟန်ဂေရီနဲ့ ပွဲစဉ်က လူစာရင်းကို တစ်သင်းလုံး အပြောင်းအလဲ လုပ်သွားခဲ့ပြီး ယူနိုက်တက် ကွင်းလယ်တိုက်စစ် ကစားသမားဟာ ဆောက်ဂိတ်ကို စိတ်မပျက်စေခဲ့ဘဲ The Three Lions တို့အတွက် ၂ ဂိုးသွင်းကာ အုပ်စု I မှာ ၁၀၀% နိုင်ပွဲနဲ့ ခရီးဆက်နိုင်အောင် ကူညီပေးခဲ့ပါတယ်။

ကျန်သွင်းဂိုးတွေကို အသင်းခေါင်းဆောင် ဟယ်ရီကိန်းက ပင်နယ်တီကနေ တဆင့် သွင်းယူခဲ့ပြီး ဘူကာယိုဆာကာ ကတော့ အသက် ၂၀ ပြည့် မွေးနေ့မှာ အမှတ်တရ သွင်းဂိုး ရရှိခဲ့ပါတယ်။ လင်ဂတ်ဟာ ဒီရာသီ ယူနိုက်တက်မှာ ပွဲကစားခွင့် ရဖို့ ရုန်းကန် နေရပေမယ့်လည်း သူ့ရဲ့ စွမ်းဆောင်ရည် ကျဆင်းသွားခြင်း မရှိဘူးဆိုတာကို ပြသလိုက်ပြီး ၎င်းရဲ့ အဖွင့်ဂိုးကိုတော့ ယူနိုက်တတ် ပရိတ်သတ်တွေ သဘောကျနေကြမှာ ဖြစ်ပါတယ်။

အဆိုပါ ပွဲစဉ် အပြီးမှာ လင်ဂတ်က အကယ်၍ သူသာ ဒီပွဲမှာ ဂိုးသွင်းနိုင်ခဲ့မယ် ဆိုရင် ပေါ်တူဂီစတားရဲ့ နာမည်ကျော် ‘Siu’ celebration ပုံစံမျိုး အောင်ပွဲခံသွားမှာ ဖြစ်တယ်လို့ မေဆင်ဂရင်းဝုဒ်ကို ကတိပေးထား ခဲ့တယ်လို့ ထုတ်ဖော် ခဲ့ပါတယ်။

လင်ဂတ်က “ကျွန်တော်နဲ့ မေဆင် တို့ဟာ ဒီတစ်ပတ်အတွင်း အောင်ပွဲခံပုံတွေ အကြောင်း တွေးခဲ့ကြပါတယ်။ နောက်ဆုံးမှာတော့ ကျွန်တော့်ရဲ့ အောင်ပွဲခံပုံနဲ့ ခရစ်စတီယာနိုရဲ့ အောင်ပွဲခံပုံကို ရောသမမွေခဲ့ပါတယ်။ ကျွန်တော် ဒီပွဲမှာ ဂိုးသွင်းနိုင်ခဲ့မယ် ဆိုရင် ဒီလိုမျိုး အောင်ပွဲခံသွားမှာ ဖြစ်တယ် ဆိုပြီး မေဆင်ကို ကျွန်တော် ပြောခဲ့ပါတယ်။

ဒါဟာ ခရစ်စတီယာနို အတွက် welcoming gift လို့လည်း ဆိုနိုင်ပါတယ်။ သူဟာ ယူနိုက်တက်မှာ အလျှင်မြန်ဆုံး အထိုင်ကျပြီး ဒီရာသီ အသင်းကို ကြီးမားတဲ့ အောင်မြင်မှု ရရှိအောင် ကူညီပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ထား ပါတယ်။” လို့ ဆိုသွား ပါတယ်။

ဆက်လက်ပြီး လင်ဂတ်က သူ့ကို ဒီပွဲမှာ ၂ ဂိုး သွင်းယူနိုင်အောင် ကူညီပေးခဲ့တဲ့ အသင်းဖော်တွေကို ကျေးဇူးတင်လိုက်ပြီး ဒါဟာ ပရော်ဖက်ရှင်နယ်ကျတဲ့ ခြေစွမ်း ဖြစ်တယ်လို့ ဆိုလိုက်ပါတယ်။

လင်ဂတ်က “အရမ်းကောင်းတဲ့ ခံစားချက်ပါပဲ။ အင်္ဂလန်ရဲ့ အကျီကို ၀တ်ဆင်ရတာဟာ အမြဲတမ်း ကောင်းမွန်တဲ့ ခံစားချက်ကို ရရှိစေပါတယ်။ ဒါပေမယ့် ဂိုးသွင်းနိုင်ပြီး နိုင်ငံအတွက် အကောင်းဆုံး လုပ်ပေးနိုင်ခြင်း ကတော့ ပြီးပြည့်စုံသွားစေပါတယ်။ ဒီနေ့မှာ ကောင်လေးတွေ အားလုံး ကောင်းကောင်း ကစားနိုင်ခဲ့တယ်လို့ ထင်ပါတယ်။ ဒါဟာ ပရော်ဖက်ရှင်နယ်ကျတဲ့ ခြေစွမ်းပါ။ ကျွန်တော်တို့ ပိုလန်နဲ့ ပွဲမှာ ဒီလိုမျိုး ဆက်လုပ်သွားမှာပါ။

နိုင်ငံအတွက် ဂိုးသွင်းပေးရတာ အမြဲတမ်း ပျော်ရွှင်စရာပါပဲ။ ဒါဟာ မေ့လို့မရနိုင်တဲ့ အခိုက်အတန့်တွေ ဖြစ်ပြီး အသင်းဖော်တွေကလည်း ဒီလို ဖြစ်အောင် ကူညီပေးခဲ့ကြပါတယ်။ ကျွန်တော်တို့ ဒီပွဲကို ပရော်ဖက်ရှင်နယ်ကျမှု အပြည့်နဲ့ ၀င်ရောက်ခဲ့တာပါ။ အန်ဒိုရာ ဘာလဲဆိုတာ ကျွန်တော်တို့ သိထားပြီးသားပါ။ သူတို့ဟာ ခံစစ်ကို အထိုင်ကစားပြီး တစ်ခါတစ်ရံ press လုပ်ကာ တစ်ခါတစ်ရံ အထိုင်ကျ ကစားတက်တယ် ဆိုတာ ကျွန်တော်တို့ ကြိုသိထားပါတယ်။

ကျွန်တော်တို့ တစ်ပွဲလုံး စိတ်ရှည်ခဲ့ရပါတယ်။ ကျွန်တော်တို့ ဘောလုံးကို လျှင်လျှင်မြန်မြန် ပေးကစားပြီး အခွင့်အရေးတွေ ရှာကစားခဲ့ကာ ဒီကနေပဲ ဂိုးတွေ ရယူနိုင်ခဲ့ပါတယ်။” လို့ ပြောလိုက်ပါတယ်။

လင်ဂတ်ဟာ အဆိုပါ ပွဲစဉ်မှာ မွေးနေ့ရှင် ဖြစ်တဲ့ ဆာကာ အတွက်လည်း ဂိုးဖန်တီးပေးနိုင်ခဲ့ပါတယ်။

လင်ဂတ်က “ဘူကာယိုဟာ ထိပ်တန်း အရည်အသွေး ရှိနေတဲ့ ကောင်လေးပါ။ ကွင်းပြင်ပမှာလည်း သူ့ရဲ့ နေထိုင်ပုံဟာ တအားကို ကောင်းပါတယ်။ ကွင်းထဲမှာ ဆိုရင် သူဟာ ဒီထက် ပိုကောင်းပါတယ်။ သူ့ရဲ့ မွေးနေ့မှာ ဂိုးသွင်းနိုင်ခဲ့တာ ကတော့ သူ့အတွက် ကြီးမားတဲ့ အခိုက်အတန့်ပါပဲ။”

Credit – SM