Sports

အာဆင်နယ်အသင်းကို ဝက်စ်ဟမ်း နည်းပြဟောင်းကိုင်ရင်တောင် အဆင့်ပိုကောင်းလိမ့်မယ်လို့ပြောဆို – ကက်စ်ကာရီနို

အာဆင်နယ်အသင်းကို ဝက်စ်ဟမ်း နည်းပြဟောင်းကိုင်ရင်တောင် အဆင့်ပိုကောင်းလိမ့်မယ်လို့ပြောဆို – ကက်စ်ကာရီနို

ကက်စ်ကာရီနို က အာတီတာ နေရာမှာ အဲဗာတန် နဲ့ ဝက်စ်ဟမ်း နည်းပြဟောင်း ဆမ်အလာဒိုက်စ် သာဆို အာဆင်နယ် အသင်းဟာ အခုထက် အဆင့် ရပ်တည်မှု ပိုကောင်းလိမ့်မယ်လို့ ပြောကြား သွားခဲ့ပါတယ် ။

အာဆင်နယ် အသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ ရလဒ်တွေ ဆက်တိုက် ဆိုးရွား နေပြီး သုံးပွဲဆက် ရှုံးပွဲ ၊ သွင်းဂိုး မရှိ ၊ ပေးဂိုး ၉ ဂိုး နဲ့ အတူ အမှတ်ပေး ဇယား အောက်ဆုံး အဆင့် ၂၀ ကို ရောက်ရှိ နေပါတယ် ။

ဒါကြောင့် နည်းပြ အာတီတာ ကို ထုတ်ပယ်တော့ဖို့ တောင်းဆိုသံတွေ ပိုမိုများပြား လာခဲ့ပြီး ပရိသတ်တွေဟာလည်း အသင်းရဲ့ ကစားသမား ခေါ်ယူမှုတွေကို စိတ်ပျက် နေကြပါတယ် ။အာဆင်နယ် အသင်းဟာ ဒီနွေရာသီ အပြောင်းအရွှေ့ကာလမှာ ပေါင် သန်း ၁၅၀ ဝန်းကျင် အထိ အသုံးပြုထားပြီး တခြား ပရီးမီးယားလိဂ် အသင်းတွေ အားလုံးထက် ငွေပိုသုံးထားပါတယ် ။

ကက်စ်ကာရီနို က ဝက်စ်ဘရွန်း အသင်း နဲ့ လမ်းခွဲ ပြီးကတည်းက အသင်း လက်မဲ့ ဖြစ်နေတဲ့ ဆမ်အလာဒိုက်စ် သာ ကိုင်ရင် အာဆင်နယ် အသင်းဟာ အခုထက် ပိုကောင်းတဲ့ အဆင့်မှာ ရပ်တည် နိုင်လိမ့်မယ်လို့ ဆိုပါတယ် ။

” ဆမ်အလာဒိုက်စ် ဝက်စ်ဘရွန်း အသင်းမှာ လုပ်ပြခဲ့တဲ့ အရာတွေ ကြည့်ကြည့်ပါ ၊ သူတို့ တန်းဆင်းသွားမှန်း သိပါတယ် ၊ ဒါပေမယ့် ဆမ် က ဝက်စ်ဘရွန်း အသင်း ခံစစ် အများကြီး ပိုကောင်းလာအောင် စွမ်းဆောင် ပေးနိုင်ခဲ့ပါတယ် ။ ”

” သူက အာဆင်နယ် ကို ပိုကောင်းအောင် လုပ်ပေးနိုင်မယ့်သူပါ ၊ အာဆင်နယ် ပရိသတ် အချို့က ဒါကို ဂရုမစိုက်ကြဘူးဆိုတာ သိပါတယ် ၊ ပရိသတ်တွေက ကစားသမားတွေကို ပင်ကို စွမ်းရည် ရှိစေချင်ကြပါတယ် ၊ ဒါပေမယ့် အာတီတာနေရာမှာ ဆမ်သာဆို အာဆင်နယ် အသင်းကို ပိုကောင်းအောင် လုပ်နိုင်လိမ့်မယ် ဆိုတာ သံသယ ဖြစ်စရာ မရှိ ယုံကြည်ပါတယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

အာဆင်နယ် အသင်း ဒီနွေရာသီ ခေါ်လိုက်တဲ့ ကစားသမားတွေဟာ အသက် ၂၃ နှစ်နဲ့အောက် ကစားသမားတွေ ဖြစ်ပါတယ် ။ အာဆင်နယ် ပရိသတ်တွေ နဲ့ ဂန္တဝင်တွေကတော့ အသင်းကို ချက်ချင်း အကျိုးပြုနိုင်စွမ်း ရှိတဲ့ ထိပ်တန်း ကစားသမားတွေကို ခေါ်ယူစေချင် ခဲ့ကြပြီး အသင်းရဲ့ အပြောင်းအရွှေ့ လှုပ်ရှားမှုတွေ အပေါ် မေးခွန်းထုတ်ခဲ့ကြပါတယ် ။

အာဆင်နယ် အသင်းရဲ့ နည်းစနစ် ဒါရိုက်တာ အီဒူးကတော့ အသင်းအတွက် လိုအပ်တဲ့ ကစားသမားတွေကိုသာ ခေါ်ယူ ခဲ့တာ ဖြစ်တာကြောင့် ဒီနှစ် နွေရာသီ အပြောင်းအရွှေ့ လှုပ်ရှားမှု ကို အားရကျေနပ် မိတယ်လို့ Sky Sports မှာ ပြောကြား သွားခဲ့ပါတယ် ။

” ကျွန်တော်တို့ အနေနဲ့ အသင်းကို တောင့်တင်း ခိုင်မာအောင် တည်ဆောက်ဖို့ လိုအပ်ပါတယ် ၊ အသင်းအတွက် ကစားပေးနိုင်မယ့်သူ နဲ့ ပွဲထွက် ၁၁ ယောက် နေရာမှာ အစားဝင် ပေးနိုင်မယ့်သူမျိုး လိုအပ် နေခဲ့ပါတယ် ။ ”

” ဥပမာ အနေနဲ့ ပြောရရင် အသင်း ကွင်းလယ်မှာ ရှာကာ နဲ့ ပါတေး ရှိပါတယ် ၊ ဒါကြောင့် ကျွန်တော် နဲ့ အာတီတာ က ကွင်းလယ်မှာ သူတို့ကိုကျော်ပြီး ပွဲထွက် ကစားမယ့်သူ ခေါ်တာမျိုးက အဓိပ္ပါယ် မရှိဘူးလို့ ယူဆပါတယ် ၊ သူတို့က သေချာပေါက် ပွဲထွက် ကစားရမယ့်သူတွေပဲလေ ။ ”

” ဒါကြောင့်လည်း ကွင်းလယ်မှာ ရှာကာ နဲ့ ပါတေး ကို ကူညီ ပေးနိုင်ဖို့ လိုကွန်ဂါ ကို ခေါ်ခဲ့တာပါ ။ တိုက်စစ်မှာဆိုလည်း အော်ဘာမီယန်း ၊ လာကာဇက် ၊ ဆာ​ကာ ၊ ပေပေ ၊ မာတီနယ်လီ တို့ ရှိနေပါတယ် ၊ သူတို့ အတူ တွဲဖက် ကစားတာကို ကျနော် မြင်တွေ့ ချင်ပါတယ် ။ ”

” နံပါတ် ၁၀ နေရာမှာတော့ ကျွန်တော်တို့ အသင်းက ဟာကွက် ရှိနေတာကို တွေ့ပါတယ် ၊ အသင်းမှာ စမစ်ရို တစ်ဦးတည်း ရှိနေတာကြောင့်ပါ ၊ ဒါကြောင့်လည်း နံပါတ် ၁၀ နေရာမှာ ကစားနိုင်တဲ့ အရည်အသွေး ရှိသူ နောက်တစ်ဦးကို ခေါ်ယူ ခဲ့တာ ဖြစ်ပါတယ် ၊ နှစ်ဦး ရှိတော့ ပိုအထောက်အကူ ဖြစ်တာပေါ့ဗျာ ။ ” လို့ တုန့်ပြန် ပြောကြား သွားခဲ့ပါတယ် ။

Credit – SM