Sports

လက်မှတ်များလုဝယ်ခဲ့ကြပေမယ့် နယူကာဆယ်နဲ့ ပွဲစဥ်မှာ ရော်နယ်ဒို ပါဝင်လာဖွယ်မရှိ…

လက်မှတ်များလုဝယ်ခဲ့ကြပေမယ့် နယူကာဆယ်နဲ့ ပွဲစဥ်မှာ ရော်နယ်ဒို ပါဝင်လာဖွယ်မရှိ…

ဒီနှစ်ရဲ့ နွေစျေးကွက်အတွင်းမှာ ဂျုဗင်တပ်စ်ကနေ အသင်းဟောင်း မန်ချက်စတာယူနိုက်တက်အသင်းဆီကို ပြန်လည်ရောက်ရှိလာခဲ့တဲ့ ကမ္ဘာကျော် ဘောလုံးသမား ခရစ္စတီယာနိုရော်နယ်လ်ဒိုဟာ လာမယ့်် (၁၁)ရက်နေ့ အိုးထရက်ဖိုဒ့်ကွင်းမှာ နယူးကာဆဲလ်ယူနိုက်တက်အသင်းနဲ့ ယှဉ်ပြိုင်ကစားရမယ့် ပရီးမီးယားလိဂ်ပွဲစဉ်အတွင်း ပါဝင်ကစားရဖို့ထက် ဆွစ်ဇာလန်ကလပ် ယန်းဘွိုင်းစ်အသင်းနဲ့ အဝေးကွင်းမှာ သွားရောက်ရင်ဆိုင်ရမယ့် ချန်ပီယံလိဂ် အဖွင့်ပွဲစဉ်မှာသာ ပွဲဦးထွက်ရနိုင်တယ်လို့ သိရှိရပါတယ်။

အသက်(၃၆)နှစ်အရွှယ်ရှိ ပေါ်တူဂီကြယ်ပွင့် တိုက်စစ်ကစားသမားကြီး ရော်နယ်လ်ဒိုဟာ လက်ရှိအချိန်မှာတော့ မန်ချက်စတာမြို့ကို ရောက်ရှိနေပြီဖြစ်ပြီး Quarantine (၅)ရက်ကြာအထိ ဝင်ပြီးသွားမှ အသင်းနဲ့ လေ့ကျင့်ခန်း

အစီအစဉ်တွေ စတင်လုပ်ဆောင်နိုင်မှာ ဖြစ်တာကြောင့် ပြင်ဆင်မှု အနည်းငယ်လေးသာ ရှိလို့နေမယ့် ရော်နယ်လ်ဒိုကို ယူနိုက်တက်ဘက်က နယူးကာဆဲလ်နဲ့ပွဲမှာ စတင်သုံးစွဲဖွယ် မရှိနိုင်ပဲ ယန်းဘွိုင်းစ်အသင်းနဲ့ ရင်ဆိုင်ရမယ့် ချန်ပီယံလိဂ် အုပ်စုအဆင့် ပထမဆုံးပွဲစဉ်မှသာ ရော်နယ်လ်ဒိုကို ပွဲထွက်ကစားသမားအဖြစ်နဲ့ စတင်အသုံးပြုဖွယ် ရှိနေပါတယ်။

ယူနိုက်တက်နည်းပြ အိုလေဂန်နာဆိုးလ်ရှားဟာ ဒီနှစ်နွေစျေးကွက်အတွင်းကမှ ခေါ်ယူထားတဲ့ ကစားသမားသစ်များဖြစ်တဲ့ ဆန်ချိုနဲ့ ဗာရန်းတို့ကိုလည်း အသင်းမှာ ချက်ချင်းပွဲထွက်ခဲ့တာ မဟုတ်ပဲ ဝုလ်ဗ်အသင်းနဲ့ ယှဉ်ပြိုင်ခဲ့ရတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်(၃)မှသာ ပွဲထွက်ကစားသမားတွေအဖြစ် စတင်သုံးခဲ့တာ ဖြစ်ပါတယ်။

ဒီလို အခြေအနေတွေကြောင့် ဆိုးလ်ရှားအနေနဲ့ ရော်နယ်လ်ဒိုကို နယူးကာဆဲလ်နဲ့ ပွဲစဉ်အတွင်း အရန်လူစာရင်းမှာသာ ထည့်သွင်းလာဖွယ်သာ ရှိနေသလို ယန်းဘွိုင်းစ်နဲ့ ပွဲစဉ်မှသာ ပွဲထွက်ကစားသမားအဖြစ် စတင်ကစားရနိုင်ပါတယ်။

ရော်နယ်လ်ဒိုဟာ ယူနိုက်တက်အသင်းမှာ ၂၀၀၃ခုနှစ်ကနေ ၂၀၀၉ခုနှစ်အထိ (၆)နှစ်နီးပါး ပါဝင်ကစားခဲ့တာဖြစ်ပြီး ချန်ပီယံလိဂ်ဖလား (၁)ကြိမ်နဲ့ ပရီးမီးယားလိဂ်ဖလား (၃)ကြိမ်အထိကို ပိုင်ဆိုင်နိုင်ခဲ့သလို အသင်းရဲ့ ထိပ်တန်းကစားသမားတစ်ဦးအဖြစ် ရပ်တည်ခဲ့တာကြောင့် သူရဲ့မန်ချက်စတာ အပြန်ခရီးစဉ်အပေါ် ယူနိုက်တက်ပရိသတ်များစွာက စိတ်လှုပ်ရှားလို့နေပြီး နယူးကာဆဲလ်နဲ့ပွဲစဉ်မှာပဲ ရော်နယ်လ်ဒို ပါဝင်လာဖို့ မျှော်လင့်လျက် ရှိနေပါတယ်။

ဒါပေမယ့် ယူနိုက်တက်ဘက်ကတော့ ရော်နယ်လ်ဒိုကို နောက်တစ်ပတ် ဗုဒ္ဓဟူးမှသာ ပွဲထွက်ကစားသမားအဖြစ် အပြည့်အဝ အသုံးပြုဖွယ်ရှိနေပြီး UEFA ဘက်ကလည်း ချန်ပီယံလိဂ်ပွဲစဉ်တွေမှာ အဝေးကွင်း ပရိသတ်တွေကို ပြန်လည်ကြည့်ရှုခွင့် ပြုလိုက်ပြီဖြစ်လို့ ယူနိုက်တက်ပရိသတ်များစွာ လာရောက်အားပေးကြဖွယ် ရှိနေပါတယ်။

Credit