Sports

ယူနိုက်တတ်နဲ့အတူ စံချိန် ၇ခုကို ဖြတ်ကျော်နိုင်ချေရှိနေတဲ့ – ရော်နယ်ဒို

ခရစ္စတီယာနို ရိုနယ်ဒို ကို တင်စား မှည့်ခေါ်တဲ့ အမည်တွေ အများကြီး ရှိပါတယ် ။

အဲ့ဒိ အထဲက တခု ကတော့ “စံချိန်များကို ချိုးဖျက်သူ” ( Records Breaker ) ပါပဲ ။

အားလုံး သိကြတဲ့ အတိုင်းပါပဲ ၊ ရိုနယ်ဒို ဟာ သူ ဖြတ်သန်းလာခဲ့တဲ့ ဘောလုံး သမား ဘ၀ တလျောက် မှာ မြောက်များစွာသော စံချိန် မှတ်တမ်းတွေကို တခုပြီး တခု ချိုးဖျက် နိုင်ခဲ့ ပါတယ် ။

ရိုနယ်ဒို ရဲ့ အောင်ပွဲ ခုံမင်တဲ့ စိတ် ၊ နိုင်ပွဲ ကို ရယူဖို့ ပြင်းပြတဲ့ ဆန္ဒတွေ ဟာ သူ့စံချိန်တွေ ကို သူကိုယ်တိုင်ပဲ ထပ်ခါ ထပ်ခါ ချိုးဖျက်တာမျိုး အထိ ဖြစ်စေခဲ့ ပါတယ် ။

မကြာသေးခင် ကပဲ တိုက်စစ်မှူးကြီးဟာ အလီဒါယီ ရဲ့ နိုင်ငံတကာ သွင်းဂိုး အများဆုံး စံချိန်ကို ချိုးဖျက်ကာ စံချိန်သစ် ရယူခဲ့ ပါတယ် ။

အခုတော့ ရိုနယ်ဒို တယောက် သူ့ရဲ့ အောင်မြင်မှုတွေ အစပြုခဲ့တဲ့ ပရီးမီးယားလိဂ် ကို ပြန်ရောက်လာခဲ့ ပါပြီ ။

ဒီမြေပေါ်မှာ ၆ နှစ် ကစားခဲ့တဲ့ အတွင်း ရိုနယ်ဒို ဟာ စံချိန် မှတ်တမ်းကောင်း အချို့ကို ရယူ နိုင်ခဲ့ ပါတယ် ။

ဒါပေမယ့် သူ့အတွက် မပြီးပြတ်သေးတဲ့ စိန်ခေါ်မှုတွေ ၊ ရယူ နိုင်ဖို့ ကျန်ရှိ နေသေးတဲ့ စံချိန်သစ်တွေ ရှိလာခဲ့ ပါတယ် ။

အဲ့ဒါတွေ ကတော့ . . .

၁ ။ ပရီးမီးယားလိဂ် ရဲ့ တရာသီ ဂိုးသွင်းအများဆုံး

အလန်ရှီးယား ဘလက်ဘန်း အသင်းနဲ့ ၁၉၉၅-၉၆ ရာသီမှာ ရယူ နိုင်တဲ့ ၃၁ ဂိုး စံချိန်ကို ရိုနယ်ဒို က မန်ချက်စတာ မှာ ရှိခဲ့စဉ် ၂၀၀၇-၀၈ ရာသီမှာ လိုက်မီခဲ့ ဖူးပါတယ် ။ ဒါပေမယ့် ဆယ်နှစ် အကြာမှာတော့ မိုဆာလာ က ၃၂ ဂိုးနဲ့ ကျော်ဖြတ် သွားခဲ့ ပါတယ် ။ အခု ရိုနယ်ဒို ပြန်ရောက်လာ ပါပြီ ။ ၃၂ ဂိုးထက် ပိုသွင်း နိုင်မလား စောင့်ကြည့် ရမှာပါ ။

၂ ။ တရာသီအတွင်း မန်ချက်စတာ ယူနိုက်တက် ရဲ့ ဂိုးသွင်းအများဆုံး

ဒီစံချိန်ရဲ့ လက်ရှိ ပိုင်ရှင် ကတော့ ရိုနယ်ဒို ကိုယ်တိုင်ပါပဲ ။ ၂၀၀၇-၀၈ ရာသီမှာ ပေါ်တူဂီသားဟာ ယူနိုက်တက် နဲ့ ပြိုင်ပွဲစုံ ၄၉ ပွဲမှာ ၄၂ ဂိုးအထိ သွင်းနိုင်ခဲ့ ပါတယ် ။ အခု သူ့ရဲ့ စံချိန်ကို သူ ပြန်ချိုးနိုင်ဖို့ ကြိုးစားရမှာပါ ။

၃ ။ ချန်ပီယံလိဂ် တရာသီအတွင်း မန်ချက်စတာ ယူနိုက်တက် ရဲ့ ဂိုးသွင်း အများဆုံး

ရိုနယ်ဒို ဟာ ချန်ပီယံလိဂ် ပြိုင်ပွဲ သမိုင်းရဲ့ ဂိုးသွင်း အများဆုံး ကစားသမား အဖြစ် ၁၃၄ ဂိုး နဲ့ ရပ်တည် နေပါတယ် ။ ဒါပေမယ့် မန်ချက်စတာ ယူနိုက်တက် ရဲ့ တရာသီ အတွင်း ချန်ပီယံလိဂ် သွင်းဂိုး အများဆုံး စံချိန်ကိုတော့ မရခဲ့ပါဘူး ။ ဒီစံချိန်ကို ၂၀၀၂-၀၃ ရာသီမှာ ရုဒ် ဗန် နစ္စတယ်ရွိုင်းက ၉ ပွဲမှာ ၁၂ ဂိုး နဲ့ ရယူ ထားခဲ့ ပါတယ် ။

၄ ။ ပရီးမီးယားလိဂ် တပွဲတည်း ဂိုးအများဆုံး သွင်းသူ

ရိုနယ်ဒို ဟာ လာလီဂါ မှာ ကစားခဲ့စဉ် အတွင်း တပွဲတည်း ၅ ဂိုး ၂ ကြိမ် သွင်းနိုင်ခဲ့ ပါတယ် ။ အက်စ်ပန်ညို ၊ ဂရန်နာဒါ တို့ဘက်ကိုပါ ။ ပရီးမီးယားလိဂ် မှာတော့ ၃ ဂိုးဟာ ရိုနယ်ဒို အတွက် အများဆုံး ဖြစ်ခဲ့ ပါတယ် ။ သမိုင်း မှာတော့ တပွဲတည်း ၅ ဂိုး သွင်းတဲ့ ကစားသမား ၅ ယောက်ထိ ရှိခဲ့ဖူးပါတယ် ။ အခု တကျော့ပြန် ခရီးမှာ ဒီမှတ်တမ်းကို ရိုနယ်ဒို ရယူ နိုင်မလား . . .

၅ ။ ပရီးမီးယားလိဂ် ရဲ့ အသက်အကြီးဆုံး ရွှေဖိနပ်ဆုရှင်

ရိုနယ်ဒို ဟာ လက်ရှိ ပရီးမီးယားလိဂ် ရွှေဖိနပ်ဆုကို ရဖို့ ရေပန်းစား နေသူတွေထဲ မှာ အသက်အကြီးဆုံးပါ ။ အရင် စံချိန်ဟောင်း ကတော့ လက်စတာ တိုက်စစ်မှူး ဂျေမီ ဗာဒီ ဖြစ်ပြီး လွန်ခဲ့တဲ့ ၂ ရာသီ တုန်းက အသက် ၃၃ နှစ် နဲ့ ရွှေဖိနပ်ဆုရှင် ဖြစ်ခဲ့ ပါတယ် ။

၆ ။ ပရီးမီးယားလိဂ် ရဲ့ အသက်အကြီးဆုံး ဟက်ထရစ်ရှင်

ကျန်တဲ့ စံချိန် အားလုံးက ရာသီကုန်အထိ စောင့်ရမှာ ဖြစ်ပေမယ့် ဒီစံချိန် ကတော့ မိနစ် ၉၀ မပြည့်ခင်မှာပဲ အဖြေပေါ်သွားမှာပါ ။ ဒါကြောင့် ဒီစံချိန် ကို ရိုနယ်ဒို အစောဆုံး ချိုးဖျက် နိုင်ဖို့ ရှိပါတယ် ။ သူ လုပ်ရမှာက ဂိုးသွင်းဖို့ပါပဲ ။

၇ ။ ပရီးမီးယားလိဂ် နဲ့ လာလီဂါ မှာ ဂိုး ၁၀၀ ပြည့်တဲ့ ပထမဆုံး ဘောလုံးသမား

ရိုနယ်ဒို ဟာ ရီးရဲ မက်ဒရစ် နဲ့ လာလီဂါ မှာ ၃၁၁ ဂိုး သွင်းခဲ့ ပါတယ် ။ ဒါပေမယ့် မန်ချက်စတာ ယူနိုက်တက် မှာ ကစားခဲ့တဲ့ ၆ ရာသီ အတွင်း မှာတော့ ၈၄ ဂိုးသာ သွင်းယူ နိုင်ခဲ့ ပါတယ် ။ တကယ်လို့ ရိုနယ်ဒို ဟာ စာချုပ် သက်တမ်း ၂ နှစ် အတွင်း ၁၆ ဂိုး သွင်းနိုင်ခဲ့မယ် ဆိုရင်တော့ ဟီဂွာအင် ၊ ဂစ်နက် ၊ ဇလာတန် ၊ ကာဗာနီ တို့လို ထိပ်တန်းလိဂ် ၂ ခုမှာ ဂိုး ၁၀၀ ပြည့်အောင် သွင်းနိုင်တဲ့ သူတယောက် ဖြစ်လာ တော့မှာပါ ။

ဒီစံချိန် မှတ်တမ်းတွေ အပြင် ရိုနယ်ဒို ရယူဖို့ လိုအပ်တဲ့ အခြားအရာတွေလည်း ရှိနေပါတယ် ။ ပေါ်တူဂီ တိုက်စစ်မှူးကြီး ဟာ မန်ချက်စတာ ယူနိုက်တက် မှာ ဟက်ထရစ် ၁ ကြိမ်သာ ရခဲ့ပြီး တကျော့ပြန် ခရီးမှာ ဟက်ထရစ်တွေ ထပ်ရနိုင်ဖို့ ကြိုးစားရဦးမှာပါ ။ ရိုနယ်ဒို ဟက်ထရစ် သွင်းခဲ့တဲ့ တသင်းတည်းသော ပရီးမီးယားလိဂ် အသင်းကတော့ နယူးကာဆယ် ပါပဲ ။

ဒါ့အပြင် ရိုနယ်ဒို သာ ဒီရာသီမှာ ပရီးမီးယားလိဂ် ဖလားကို ရယူ နိုင်မယ် ဆိုရင်တော့ နည်းပြ ၂ ယောက် လက်အောက်မှာ အမှတ်ပေး ချန်ပီယံဆုကို ရယူနိုင်တဲ့ ပထမဆုံး ယူနိုက်တက် ကစားသမား ဖြစ်လာတော့ မှာပါ ။

ဒါတင်မက ပါဘူး ၊ အကယ်၍ ရိုနယ်ဒို သာ မန်ချက်စတာ ယူနိုက်တက် နဲ့ အတူ ချန်ပီယံလိဂ် ဖလားကြီးကို ရယူ ကိုင်မြှောက် နိုင်မယ် ဆိုရင်တော့ ချန်ပီယံလိဂ် သမိုင်းမှာ ဆုဖလား အများဆုံး ( ၆ ကြိမ် ) ရယူထားတဲ့ ပါကို ဂျန်တို ရဲ့ စံချိန်ကို လိုက်မီ သွားနိုင် ဦးမှာပဲ ဖြစ်ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် နဲ့ ရိုနယ်ဒို ဘယ်နေ့ စတင် ပွဲထွက်မယ် ဆိုတာ မသိရသေးပါဘူး . . . ဒါပေမယ့် စံချိန်တွေ ကတော့ ချိုးဖျက်ခံရဖို့ စောင့်ဆိုင်း နေပါပြီ . . . . . ။

Crd – SPORTS MYANMAR