Sports

အာဆင်နယ် အသင်းကို ယုံစားမိလို့ အကြိမ် ၁ ထောင် ဦးချခဲ့ရတဲ့ ဂန်းနား ပရိသတ် YouTuber

တောင်ကိုးရီးယား နိုင်ငံ ရဲ့ နာမည်ကျော် YouTuber တစ်ဦးဟာ သူ့ရဲ့ အာဆင်နယ် အသင်း အပေါ် ချစ်ခင် ယုံကြည်မှု ကို တစ်မူ ထူးခြားတဲ့ နည်းလမ်း နဲ့ သက်သေ ပြလိုက်ပါတယ် ။

တောင်ကိုးရီးယား က အာဆင်နယ် ပရိသတ် မိန်းခလေး တစ်ဦးဟာ အာဆင်နယ် နဲ့ ပတ်သက်ပြီး သူ့ရဲ့ ခဲအို နဲ့ အလောင်းအစား ပြုလုပ်ရာမှာ ရှုံးနိမ့် သွားခဲ့တာကြောင့် ဘုရားကျောင်းမှာ အကြိမ် တစ်ထောင် ဦးချ လိုက်ရပါတယ် ။

Eesoo Jeong ဆိုတဲ့ ဂန်းနား ပရိသတ် တစ်ဦးဟာ YouTube မှာ အာဆင်နယ် အကြောင်း vedio တွေ တင်လေ့ ရှိသူ ဖြစ်ပါတယ် ။ Eesoo Jeong ဟာ သူ့ရဲ့ ခဲအို နဲ့ မန်စီးတီး Vs အာဆင်နယ် ပွဲကို အလောင်းအစား ပြုလုပ်ခဲ့ပြီး အာဆင်နယ် ရှုံးပါက အကြိမ် တစ်ထောင် ဦးချမယ်လို့ ကတိပေး ခဲ့ပါတယ် ။

အာဆင်နယ် အသင်းဟာလည်း ရှာကာ အနီကဒ် ပြ ထုတ်ပယ် ခံရမှု နဲ့ အတူ မန်စီးတီး အသင်းကို ၅ ဂိုးပြတ် ရှုံးနိမ့် သွားခဲ့ပါတယ် ။ ဒါကြောင့် Eesoo Jeong ဟာ သူ့ရဲ့ ကတိအတိုင်း ဘုရားကျောင်းမှာ အကြိမ် တစ်ထောင် ဦးချ ပေးခဲ့ပါတယ် ။

Eesoo Jeong ဟာ သူ အကြိမ်တစ်ထောင် ဦးချနေတဲ့ ဗွီဒီယို ကို သူ့ရဲ့ YouTube Channel ဖြစ်တဲ့ Eesoonal မှာ တင်ခဲ့ပြီး လေးရက် အတွင်း အားပေး ကြည့်ရှုသူ နှစ်သိန်းကျော် ရှိခဲ့ပါတယ် ။ Eesoo Jeong ဟာ အကြိမ် တစ်ထောင် ဦးချဖို့ နှစ်နှာရီကျော်ကြာ အချိန်ယူ ခဲ့ရပါတယ် ။

Football London ဟာ Eesoo Jeong နဲ့ အင်တာဗျူး လုပ်ခဲ့ပြီး အဲ့ဒီ အထဲကမှ မေးခွန်း အချို့ နဲ့ အဖြေတစ်ချို့ကို ဖော်ပြ ပေးလိုက်ပါတယ်။

မေး – Eesoo Jeong ရေ ၊ ကိုယ့်အကြောင်း တစ်ချက်လောက် မိတ်ဆက် ပေးပါဦး ။

ဖြေ – ကျွန်မ က ၂၀၀၈ ခုနှစ်ကတည်းက အာဆင်နယ် ကို အားပေးလာတဲ့ အကြီးစား ပရိသတ်တစ်ဦးပါ ၊ ကျွန်မက အာဆင်နယ် အသင်း ပွဲတွေကို နှစ်ပေါင်းများစွာ မလွတ်တမ်း ကြည့်လာခဲ့သူပါ ၊အင်္ဂလန် အထိ သွားပြီး အာဆင်နယ် ပွဲတွေ ကြိမ်ဖန်များစွာ ကြည့်ခဲ့ဖူးပါတယ် ၊ အာဆင်း ရဲ့ နောက်ဆုံးပွဲတုန်းကလည်း ကျွန်မ အမ်းမရိတ် ကွင်းထဲမှာ ရှိနေခဲ့ပါတယ် ။

အချိန်တွေ ကြာလာတာနဲ့အမျှ အာဆင်နယ် ကို ပိုချစ်ခင် တွယ်တာလာတာပါပဲ ၊ ကျွန်မ အခု ‘Eesoonal’ ဆိုတဲ့ YouTube Channel တစ်ခု ထောင်ထားပြီး အာဆင်နယ် အကြောင်း ဘောလုံးနဲ့ ပတ်သက်တဲ့ အကြောင်းတွေ တင်လေ့ ရှိပါတယ် ။ ကျွန်မ အတွက် အာဆင်နယ် က အကောင်းဆုံး ၊ အကြီးကျယ် အခမ်းနားဆုံး ပါ ၊ အာဆင်နယ် ကကျွန်မရဲ့ ကမ္ဘာ တစ်ခု ဖြစ်ကြောင်း ဂုဏ်ယူစွာ ပြောနိုင်ပါတယ် ။

မေး – အာဆင်နယ် ကို အားပေးဖြစ်ခဲ့ပုံလေး ပြောပါဦး​

ဖြေ – ကျွန်မ က ၂၀၀၈ ခုနှစ်ကတည်းက အာဆင်နယ် အသင်းကို စတင် အားပေးခဲ့တာ ဖြစ်ပါတယ် ၊ ကျွန်မ ကနေဒါ မှာ ကျောင်းသွားတက်တော့ သူငယ်ချင်း ကိုးရီးယား အများစု က ပက်ဂျီဆန် ရှိနေတဲ့ မန်ချက်စတာ ယူနိုက်တက် ကို အားပေးကြပါတယ် ။ ကျွန်မကတော့ ဒီလို အားမပေးချင်ခဲ့ပါဘူး ။

ဒါကြောင့် ပရီးမီးယားလိဂ် အသင်းတွေရဲ့အကြောင်း ၊ သူတို့တွေရဲ့ သမိုင်းကြောင်း အကြောင်း လေ့လာ ဖြစ်ခဲ့ပါတယ် ။ အဲ့ဒီအထဲမှာ အာဆင်နယ် က တခြား အသင်းတွေအားလုံးထက် ကျွန်မကို ပိုမို ဖမ်းစား နိုင်ခဲ့ပါတယ် ၊ သူတို့ရဲ့ ကစားပုံကို ကြည့်ပြီး လုံးဝ သဘောကျ သွားခဲ့တာပါ ။

ဒါ့အပြင် အာဆင်နယ် ရဲ့ လျင်မြန်ပြီး ဆွဲဆောင်မှု ရှိတဲ့ ကစားဟန် ၊ အာဆင်းလို လေးစားဖို့ ကောင်းတဲ့ နည်းပြကြီး တစ်ဦး ရှိနေတာကလည်း ကျွန်မကို ဆွဲဆောင် နိုင်ခဲ့ပါတယ် ။ နောက်ပြီး အာဆင်နယ်အသင်း ရှုံးပွဲမရှိ ချန်ပီယံ ဖြစ်တာကို သိလိုက်ရတော့ ပိုပြီး အံ့အားသင့် သွားခဲ့ပါတယ် ၊ ဒါကြောင့် ကျွန်မ အတွက် အာဆင်နယ် ကို အားပေးဖို့ တခြား အကြောင်းပြချက်တွေ ထပ်မလိုတော့ပါဘူး ၊ အဲ့အချိန်ကတည်းကနေ ခုထက်ထိ အာဆင်နယ်ကို ချစ်လာခဲ့တာပါပဲ ။

မေး – YouTube မှာ ရေပန်းစားသွားတဲ့ video အကြောင်း ပြောပါဦး ၊ ဘယ်လို လုပ်ဖြစ်သွားတာလဲပေ့ါ ။

ဖြေ – တစ်နေ့တော့ ကျွန်မ ခဲအိုက အာဆင်နယ် ဟာ မန်စီးတီး အသင်းကို ဘယ်တော့မှ အနိုင်ရမှာ မဟုတ်ကြောင်း ပြောလာပါတယ် ၊ ကျွန်မ က အာဆင်နယ်ဖန် အကြီးစားမှန်းသိတော့ အသင်း ရှုံးတိုင်း တောက်လျှောက်ကို စနောက်နေတော့တာပါပဲ ။ အဲ့ဒီလို မကြာခဏ စနေတော့ သူနဲ့ ကျွန်မ အလောင်းအစား တစ်ခုလုပ်ဖို့ စိတ်ပိုင်းဖြတ်လိုက်ပါတယ် ။ ”

” အဲ့ဒါက ဘာလဲဆိုတော့ အာဆင်နယ် က မန်စီးတီး ကို ရှုံးရင် ကျွန်မ အကြိမ်တစ်ထောင် ဦးချမယ် ၊ အာဆင်နယ် နိုင်ရင် လန်ဒန် ကို သွားပြီး အာဆင်နယ် ပွဲကြည့်ဖို့ လေယာဉ် လက်မှတ် ဝယ်ပေး ဆိုပြီး အလောင်းအစား လုပ်လိုက်ပါတယ် ။ ”

” ဒီနေရာမှာ ကျွန်မ တစ်ခု ပြောချင်တာက ဦးချတယ်ဆိုတာ က ကိုးရီယား ရဲ့ထူးခြားတဲ့ ဓလေ့ထုံးတမ်း တစ်ခုပါ ၊ ကျွန်မတို့မှာ ဘာသာရေး ဓလေ့ထုံးတမ်း တစ်ခု ရှိပါတယ် ၊ ဘုရားကျောင်းကို သွားပြီး ကိုယ် အရမ်း ဖြစ်ချင်နေတဲ့ အရာ ဖြစ်လာအောင် ဦးချ ဆုတောင်းလေ့ ရှိကြပါတယ် ။ ”

” ကျွန်မ က အာဆင်နယ် အသင်းကို ချစ်တာကြောင့် ယုံကြည်မှု အပြည့်ထားခဲ့ပါတယ် ၊ အလောင်းအစား ကို မလုပ်တော့ဖို့ စိတ်တောင် မကူးခဲ့မိပါဘူး ၊ ဒါပေမယ့် ဝမ်းနည်းစွာနဲ့ပဲ ကျွန်မ အသင်းက ရှုံးနိမ့် သွားခဲ့ပါတယ် ။ဒါကြောင့် ကျွန်မလည်း ကိုယ့်ကတိကိုယ်တည်ဖို့ ဆုံးဖြတ်လိုက်ပြီး အကြိမ် တစ်ထောင် ဦးချနေတဲ့ပုံ ကို တိုက်ရိုက် live လွှင့်ခဲ့ပါတယ် ၊ ကျွန်မ ကတိတည်ကြောင်း သက်သေ အဖြစ်နဲ့ပေါ့ရှင် ။ ”

Credit – SM



















Credit – SM