Local News

အင်တာနက်ဖြတ်တောက်ထားသည့်မြို့နယ်များကို စစ်အင်အားအလုံးအရင်းဖြင့် ဝင်ရောက် ရှင်းလင်းမည်ဟုသိရ

စစ်ကောင်စီက PDF များနှင့် စစ်ရေးတင်းမာမှုဖြစ်ပွားနေသော ကနီ၊ ပုလဲ၊ ယင်းမာပင်နှင့် စစ်ကိုင်းတိုင်းအတွင်းရှိမြို့နယ်များကို အင်တာနက်လိုင်းဖြတ်တောက်လိုက်ကြောင်းသိရသည်။

ကနီမြို့နယ်၌မူ လွန်ခဲ့သည့် သုံးနာရီကတည်းက အင်တာနက်လိုင်းများပြတ်တောက်သွားကြောင်း ဒေသခံတစ်ဦးကပြောကြားသည်။

ဒေသခံတစ်ဦးက ” အင်တာနက်လိုင်းတွေအကုန်ပြတ်သွားတာ လွန်ခဲ့တဲ့ သုံးနာရီလောက်ကတည်းက။ ကဒ်တွေအကုန်ချိန်းသုံးတယ်။ Mytel မှအပ ကျန်ကဒ် အကုန်ချိန်းသုံးတယ် မရဘူး ” ဟု ဆိုသည်။

စစ်ကောင်စီက နယ်မြေရှင်းလင်းရေးပြုလုပ်မှာ ဖြစ်သည့်အတွက် အင်တာနက်လိုင်းများဖြတ်တောက်ခြင်းဖြစ်ကြောင်းPDF တပ်ဖွဲ့ဝင် တစ်ဦးက ပြောသည်။

‘‘ နယ်မြေရှင်းလင်းရေးလုပ်မှာမို့လို့ အဓိကတော့ အင်တာနက်လိုင်းဖြတ်တယ်လို့ပဲ ကျွန်တော်တို့ကတော့ထင်တယ်။ဘာလို့လည်းဆိုတော့ သတင်းတွေက စစ်ကောင်စီရဲ့တပ်က ဘယ်နားက တက်လာပြီဆိုရင် အွန်လိုင်ပေါ်မှာ တင်ကြမျှဝေကြ ရှောင်ကြ ရှားကြ ပေါ့။ အင်တာနက်လိုင်းမရှိတဲ့အခါကျတော့ ဆက်သွယ်မှုကတော့ နီးနီးကပ်ကပ် ဆက်သွယ်လို့ မရတော့ဘူး။ ဖုန်းလိုင်းတွေလည်း ဖြတ်ကောင်းဖြတ်လာနိုင်တဲ့ ကိစ္စတွေရှိတယ်။ ဒီပုံစံ အတိုင်းဆိုရင်လေ ” ဟု ၎င်း က ပြောကြားသည်။

လင်းယုန်စစ်ဆင်ရေးပြုလုပ်ရန်အတွက် စစ်ဆင်ရေးအတွင်းပါဝင်သည့် မြို့နယ်များကို အင်တာနက်လိုင်းဖြတ်တောက်ခြင်းဖြစ်သည် ဟု စုံးစမ်းသိရှိရကြောင်း PDF တပ်ဖွဲ့တစ်ဦးက ပြောကြားသည်။

” လင်းယုန်စစ်ဆင်ရေးတဲ့။ အဲဒီ စစ်ဆင်ရေးလုပ်တာ။ စစ်ဆင်ရေးလုပ်တဲ့ မြို့နယ်တွေပေါ့ အဲဒါတွေကို အင်တာနက်လိုင်းဖြတ်တာလို့ ကျွန်တော်တို့ စုံးစမ်းတော့သိရတယ်။ ယင်းမာပင်ခရိုင်မှာ လေးမြို့နယ်ရှိတယ်။ ကနီ၊ ပုလဲ၊ ယင်းမာပင်၊ ဆားလင်းကြီး အဲဒါပါတယ်။ မုံရွာခရိုင်ထဲက မြို့နယ်တချို့လည်း ပါမယ်ပြောတယ်။ ဘုတလင်ကတော့ပါတယ်။ နောက် မင်းကင်း ပါမယ် ” ဟု ၎င်းက ပြောကြားသည်။

ယမန်နေ့(စက်တင်ဘာ ၁၃ရက်) ညနေပိုင်း က မြင်းခြံမြို့ကားလမ်းမပေါ်တွင် ဆိုင် ကယ် ၅ စီး ဖြင့်ကင်းလှည့်နေသည့် စစ်ကောင်စီတပ်များ မိုင်းခွဲတိုက်ခိုက်ခံရပြီး ၇ဦး သေဆုံးပြီး ၃ ဦးပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

စစ်ကောင်စီမှ အင်တာနက်ဖြတ်တောက်ထားသည့်မြို့နယ်များသည် ၄င်းတို့အားတော်လှန်တိုက် ခိုက်နေသည့် သက်ဆိုင်ရာဒေသအလိုက် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)များ အင်အားကောင်းသောဒေသများဖြစ်ပြီး အဆိုပါ နေရာများသို့ စစ်အင်အားအလုံးအရင်းဖြင့် ဝင်ရောက် ရှင်းလင်းရန်ရှိကြောင်း စစ်တပ်အသိုင်းအဝိုင်း သတင်းများအရ သိရသည်။

ကချင်ပြည်နယ် ဖားကန့်မြို့နယ်တွင်လည်း ပြီးခဲ့တဲ့ ဩဂုတ်လ ၂၀ ရက် ညပိုင်းမှစ၍ အင်တာနက်လိုင်းများ ဖြတ်တောက်ထားပြီး ယနေ့ထိ ဖြတ်တောက်ထားဖြစ်ကြောင်း သိရသည်။

Credit – Living Myanmar