Sports

လူပိုကြီးဖြစ်လည်း ကာကွယ်မယ် – ဆိုးလ်ရှား

ပရီးမီးယားလိဂ် အင်အားကြီးကလပ် မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ နည်းပြဖြစ်သူ အိုလေဂန်နာ ဆိုးလ်ရှားကတော့ ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ကာရာဘောင်းဖလား တတိယအဆင့် ပွဲစဉ်မှာ ဝက်စ်ဟမ်းအသင်းကို အိမ်ကွင်းမှာ အရေးနိမ့်ပြီးနောက် ပရိသတ်တွေရဲ့ ပြင်းပြင်းထန်ထန် ဝေဖန်မှုကို ခံနေရတဲ့ အသင်းရဲ့ တိုက်စစ်မှူး အန်သိုနီ မာရှယ်ကို ကာကွယ် ပြောဆိုမှုတွေ ပြုလုပ်သွားခဲ့ပါတယ်။

အိုးထရက်ဖို့ဒ်ကွင်းမှာ ကစားခဲ့ရတဲ့ အဆိုပါပွဲစဉ်မှာ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ဝက်စ်ဟမ်းအသင်းကို တပွဲလုံးနီးပါး ဖိအားပေး ကစားနိုင်ခဲ့ပေမယ့် တိုက်စစ်ပိုင်း အားနည်းချက်တွေကြောင့် တဂိုး ဂိုးမရှိ ဆိုတဲ့ ရလဒ်နဲ့ အရေးနိမ့်ခဲ့တာ ဖြစ်ပြီး မာရှယ်ကတော့ အသင်းအတွက် ပွဲစပွဲဆုံး ပါဝင် ကစားပေးခဲ့ပါတယ်။

အသက် ၂၅နှစ် အရွယ် ပြင်သစ် လက်ရွေးစင် တိုက်စစ်မှူး မာရှယ်ဟာ မန်ယူအသင်းက ဝက်စ်ဟမ်းအသင်းကို အရေးနိမ့်ခဲ့တဲ့ ပွဲစဉ်မှာ တပွဲလုံး ပါဝင် ကစားခွင့် ရခဲ့ပေမယ့် ဂိုးပေါက်တည့် ကန်သွင်းချက် တကြိမ်မှ မလုပ်နိုင်ခဲ့သလို ဒုတိယပိုင်းကို ရောက်ရှိချိန်မှာလည်း ကြိုးကြိုးစားစား ကစားခဲ့ခြင်း မရှိပဲ စိတ်ပျက်လက်ပျက် အမူအယာတွေကိုသာ မကြာခဏဆိုသလို ပြခဲ့ပါတယ်။

ဒါကြောင့်လည်း မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ပရိသတ်တွေ သာမက ဘောလုံးရေးရာ ဝေဖန်သုံးသပ်သူတွေကပါ မာရှယ်ရဲ့ မန်ချက်စတာ ယူနိုက်တက် ကစားသမားဘဝဟာ ပြီးဆုံးသွားပြီလို့ ပြင်းပြင်းထန်ထန် ဝေဖန်မှုတွေ ပြုလုပ်ခဲ့ကြပြီး မန်ချက်စတာ ယူနိုက်တက်နည်းပြ ဆိုးလ်ရှားကတော့ ဝက်စ်ဟမ်းကို ရှုံးနိမ့်ခဲ့တာဟာ မာရှယ် တယောက်ထဲရဲ့ အပြစ်မဟုတ်ပဲ အားလုံးမှာ တာဝန်ရှိကြောင်း မာရှယ်ကို ကာကွယ် ပြောဆိုသွားပါတယ်။

ဆိုးလ်ရှားက – “ကျွန်တော်ကတော့ ဒီရှုံးပွဲနဲ့ ပတ်သတ်ပြီး ကစားသမား တဦးချင်းစီကို အပြစ်မတင်ချင်ပါဘူး။ အန်သို(မာရှယ်)ကလည်း တခြား ကစားသမားတွေနဲ့ တူတူပါပဲ။ ကျွန်တော်တို့က အတော်လေး ကောင်းအောင် ကစားနိုင်ခဲ့တယ်။ ကျွန်တော်တို့ရဲ့ လိုအပ်ချက်က ဧရိယာထဲကို တိုးဝင်ဖို့ပဲ။ ကျွန်တော်တို့တွေ သူ့ဆီကနေ ဘာတွေ မျှော်လင့်ထားလဲ ဆိုတာ သူ သိပါတယ်။ ဒါကြောင့် သူက သူ့အလုပ်ကို ဆက်လုပ်သွားဖို့ လိုအပ်ပြီး လိုအပ်တဲ့ အခွင့်အရေးတွေလည်း ရရှိဦးမှာပါ” လို့ ကာကွယ် ပြောဆိုပေးခဲ့တာပဲ ဖြစ်ပါတယ်။

Credit