Sports

ဆိုးလ်ရှားကို ထုတ်ပြီးပါက ရိုနယ်ဒိုကို နည်းပြသစ်အဖြစ် ခန့်ဖို့ တင်ရှားဝုဒ် အကြံပေး

ပရီးမီးယားလိဂ် နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ စပါးအသင်းရဲ့ နည်းပြဟောင်း တဦး ဖြစ်သူ တင်ရှားဝုဒ် ကတော့ လတ်တလောမှာ ကာရာဘောင်းဖလားပြိုင်ပွဲ ကနေ စောစောစီးစီး ထွက်ခွာထားရတဲ့ မန်ချက်စတာ ယူနိုက်တက်အသင်း အနေနဲ့ နည်းပြဆိုးလ်ရှားကို ရာထူးကနေ ထုတ်ပယ်ဖြစ်ပါက အသင်းရဲ့ ကြယ်ပွင့် တိုက်စစ်မှူး ရိုနယ်ဒိုကိုသာ နည်းပြသစ် အဖြစ် ခန့်အပ်သင့်ကြောင်း အကြံပေးလိုက်ပါတယ်။

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ယခုနှစ် နွေဈေးကွက် အတွင်းမှာ ရိုနယ်ဒို ၊ ဆန်ချိုနဲ့ ဗာရန်းတို့လို ကမ္ဘာ့အဆင့် ထိပ်တန်း ကစားသမားတွေကို ခေါ်ယူပြီးနောက် ဆုဖလားတွေကို စိန်ခေါ်နိုင်ဖို့ အသင့် ရှိနေပြီလို့ ထင်ကြေးပေးခံထားရပေမယ့် နည်းပြဆိုးလ်ရှားရဲ့ နည်းစနစ်ပိုင်း အားနည်းချက်တွေကြောင့် ယန်းဘွိုင်း ၊ ဝက်စ်ဟမ်း စတဲ့ အသင်းတွေကို မထင်မှတ်ပဲ အရေးနိမ့်ခဲ့ရပြီး ဆုဖလားပြိုင်ပွဲ တခုကနေလည်း ထွက်ခွာခဲ့ရပါတယ်။

ဒါကြောင့်ပဲ မန်ချက်စတာ ယူနိုက်တက်အသင်း အနေနဲ့ ဆိုးလ်ရှားကို ထုတ်ပယ်ပြီး လက်ရှိမှာ အသင်းလက်မဲ့ ဖြစ်နေတဲ့ ထိပ်တန်းနည်းပြတွေ ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ် နည်းပြဟောင်း ဇီဒန်း ၊ အင်တာမီလန် နည်းပြဟောင်း ကွန်တီ ၊ ဂျာမဏီ လက်ရွေးစင် နည်းပြဟောင်း ဂျိုအာချင်လိုတို့ကို နည်းပြသစ်တွေ အဖြစ် ခန့်အပ်သင့်ကြောင်း အကြံပေးမှုတွေ ရှိနေပါတယ်။

စပါးအသင်းရဲ့ နည်းပြဟောင်း တင်ရှားဝုဒ်ကတော့ မန်ချက်စတာ ယူနိုက်တက်အသင်း အနေနဲ့ ဆိုးလ်ရှားကို နည်းပြရာထူး ကနေ ထုတ်ပယ်ပြီးပါက အခြားနည်းပြတွေကို ခန့်အပ်မယ့်အစား အသင်းရဲ့ ကြယ်ပွင့်တိုက်စစ်မှူး ရိုနယ်ဒိုကိုသာ ကစားသမား/နည်းပြ အဖြစ် ခန့်အပ်သင့်ကြောင်းနဲ့ ရိုနယ်ဒိုဟာ ကစားသမားတွေကို ဦးဆောင်နိုင်စွမ်း ရှိတာကြောင့် မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ နည်းပြရာထူးနဲ့ ထိုက်တန်သူ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

တင်ရှားဝုဒ်က – “တကယ်လို့ ဆိုးလ်ရှားကသာ ဖလားတခုခု ယူပြနိုင်ခဲ့ရင် သူ့အနေနဲ့ ယူနိုက်တက်မှာပဲ ဆက်ရှိနေမယ်လို့ ထင်ပါတယ်။ ဒါပေမယ့် ဖလားမရခဲ့ရင်တော့ သူ့အနေနဲ့ ရာထူးကနေ နုတ်ထွက်ရနိုင်ပါတယ်။ မန်ချက်စတာ ယူနိုက်တက်အနေနဲ့ ဆိုးလ်ရှားရဲ့ နေရာမှာ တခြားနည်းပြတွေကို ခန့်မယ့်အစား ရိုနယ်ဒိုကိုပဲ နည်းပြအဖြစ် ခန့်သင့်ပါတယ်။

ရိုနယ်ဒိုက ပေါ်တူဂီနည်းပြ ကားလို့စ် ကွီရော့စ်လို ကောင်းမွန်တဲ့ နည်းပြတဦး ဖြစ်လာနိုင်ပြီး သူက အနာဂတ်မှာ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ နည်းပြတဦး ဖြစ်လာလိမ့်မယ်လို့ မှန်းဆကြည့်လို့ ရပါတယ်။ အခုတောင် သူ့ဆီကနေ နည်းပြတဦးရဲ့ ပုံစံတွေ မြင်တွေ့နေရပါပြီ။ ပြီးခဲ့တဲ့ တပတ်တုန်းက သူဟာ သွေးပူလေ့ကျင့်ခန်း လုပ်နေတဲ့ အချိန်မှာပဲ ဗာရန်းနဲ့ မက်ဂွိုင်းယားတို့ကို ညွှန်ကြားမှုတွေ လုပ်နေတာ မြင်ခဲ့ရပါတယ်” လို့ အကြံပေးခဲ့တာပဲ ဖြစ်ပါတယ်။

Credit