Sports

ပရီးမီးယားလိဂ် ပွဲစဥ် (၆)ရဲ့ အကောင်းဆုံးကစားသမား (၁၁)ယောက်

ပရီးမီးယားလိဂ် ပွဲစဉ် ၆ ကတော့ ဘရိုက်တန် ပွဲကလွဲရင် ကျန်ပွဲတွေ ကစားလို့ ပြီးသွားခဲ့ ပါပြီ ။ဘရိုက်တန် ကတော့ ဒီညပွဲကိုသာ နိုင်ခဲ့မယ် ဆိုရင် အသင်းကြီးတွေကို ကျော်ပြီး အဆင့် ၁ နေရာကို ရယူ သွားမှာပါ ။ဒါပေမယ့် ပရီးမီးယားလိဂ် တပတ်တာ အကောင်းဆုံး အသင်းတွေကို စနေ – တနင်္ဂနွေ ပွဲတွေ နဲ့သာ ဆုံးဖြတ်လေ့ ရှိကြတာကြောင့် ဒီည ပွဲက ကစားသမားတွေ ပါဝင်ခွင့် မရခဲ့ ပါဘူး ။

ဒီတပတ် မှာ အထူးခြေစွမ်းပြ ခဲ့ကြသူတွေ ကတော့ အာဆင်နယ် ကစားသမားတွေ ဖြစ်ပြီးမြောက်လန်ဒန် ဒါဘီ မှာ တော့တင်ဟမ် ဟော့စပါး အသင်း ကို ၃-၁ နဲ့ အနိုင် ရရှိခဲ့ ပါတယ် ။ဒါ့အပြင် အိုးထရက်ဖိုဒ့် မှာ မန်ချက်စတာ ယူနိုက်တက် ကို အနိုင် ကစားခဲ့တဲ့ ဗီလာ ၊ ချဲလ်ဆီး ကို လှုပ်မရအောင် ခြေစွမ်းပြ အနိုင်ယူခဲ့တဲ့ မန်စီးတီး နဲ့ ဒေးဗစ်မိုရက်စ် လက်အောက်မှာ ပုံစံကောင်းတွေ ရနေတဲ့

ဝက်စ်ဟမ်း ယူနိုက်တက် တို့က ကစားသမားတွေလည်း တပတ်တာ အကောင်းဆုံး အသင်းမှာ ပါဝင်ခဲ့ကြပါတယ် ။ဒီတပတ် ပရီးမီးယားလိဂ် ရဲ့ တပတ်တာ အကောင်းဆုံး ကစားသမားတွေ ကတော့ –

ဂိုး – အီမီလီယာနို မာတီနက် ( အက်စတွန်ဗီလာ )

အာဂျင်တီးနား နံပါတ် ၁ ဂိုးသမား မာတီနက် ဟာ မနှစ်က ရာသီမှာ သူ့ရဲ့ လက်စွမ်းတွေကို ဗီလာ အသင်းနဲ့ ပြသ ထားခဲ့ပြီး ပါပြီ ။မန်ချက်စတာ ယူနိုက်တက် နဲ့ ကစားခဲ့တဲ့ ပွဲမှာလည်း မာတီနက် ဟာ အကောင်းဆုံး ကာကွယ်မှုတွေ ပြုလုပ် နိုင်ခဲ့သလို နောက်ဆုံးမိနစ် မှာ မန်ချက်စတာ ယူနိုက်တက် ရရှိခဲ့တဲ့ ပင်နယ်တီ ကိုလည်း ဖာနန်ဒက်စ် လွဲချော် သွားအောင် ဖိအားပေး စိတ်ဓါတ် စစ်ဆင်ရေး ပြုလုပ် သွားခဲ့ ပါတယ် ။

နောက်တန်း – တိုမီယဆု ( အာဆင်နယ် )

အပြောင်းအရွှေ့ နောက်ဆုံး နေ့ရက်တွေမှာ ဂန်းနား ဖြစ်လာခဲ့တဲ့ တိုမီယဆု ဟာ အလျှင် အမြန်ပဲ အာဆင်နယ် ပရိသတ်တွေ အကြားမှာ ရေပန်းစားလာခဲ့ ပါတယ် ။၂၂ နှစ်သာ ရှိသေးပြီး အာရှသား တယောက်လည်း ဖြစ်တာကြောင့် ပရီးမီးယားလိဂ် မှာ တောက်ပမယ်လို့

မထင်ထားမိကြပေမယ့် တိုမီယဆု ကတော့ သူ့ရဲ့ တန်ဖိုးကို တပွဲပြီး တပွဲ ပြသနေခဲ့ ပါတယ် ။စပါး ကို ၃-၁ နဲ့ အနိုင် ရခဲ့တဲ့ ပွဲကတော့ သူ့ရဲ့ လက်ရှိ အာဆင်နယ် ကစားသမားဘဝမှာ အကောင်းဆုံးပဲလို့ ပြောရမှာပါ ။

ဗဟိုခံစစ် – ကော်နာကိုဒီ ( ဝုဗ် )

ကိုဒီ ဟာ ဝုဗ် အသင်းမှာ ခြေစွမ်း အတည်ငြိမ်ဆုံး ကစားသမား တယောက် ဖြစ်ပြီး သူ ကစားပုံ ညံ့တဲ့ ပွဲဆိုတာ နည်းလှပါတယ်

ဆောက်သမ်တန် နဲ့ ပွဲမှာ ဝုဗ် တို့ ဒီရာသီ အတွက် ဒုတိယ မြောက် နိုင်ပွဲကို ရခဲ့ပြီး နည်းပြသစ် ဘရူနို လာဂေး အတွက် အသက်ရှူချောင်စေခဲ့ ပါတယ် ။ဒီပွဲမှာ ကိုဒီ က ချီအဒမ် ၊ အမ်းစထရောင်း နဲ့ နေသန် ရက်မွန် တို့ရဲ့ ဆောက်သမ်တန် တိုက်စစ်ကို ဦးဆောင် တားဆီး ခဲ့တာပါ ။

ဗဟိုခံစစ် – ကော့တ်နေး ဟေ့စ် ( အက်စတွန်ဗီလာ )

မန်ယူနိုက်တက် ကို အနိုင်ယူ ခဲ့တဲ့ ဗီလာ အသင်းရဲ့ အဓိက သူရဲကောင်း ကနေ အနိုင်ဂိုးရှင် ဟေ့စ် ပါပဲ ။ဟေ့စ် ဟာ ဗီလာ အတွက် တလုံးတည်းသော အနိုင်ဂိုး ကို ထောင့်ကန်ဘော ကနေ ခေါင်းတိုက် သွင်းပေးခဲ့သလို ပွဲချိန် တလျောက်လုံး မှာလည်း ခရစ္စတီယာနို ရိုနယ်ဒို ဦးဆောင်တဲ့ မန်ယူနိုက်တက် တိုက်စစ် ကို ခုခံ ကာကွယ် နိုင်ခဲ့ ပါတယ် ။

နောက်တန်း – ကန်ဆယ်လို ( မန်စီးတီး )

ဒီရာသီ အစမှာပဲ ကန်ဆယ်လို ဟာ သူ့ရဲ့ မန်စီးတီး ကစားသမားဘ၀ အကောင်းဆုံး ခြေစွမ်းတွေကို ပြသလို့ နေပါတယ် ။ ဂွာဒီယိုလာ ကတော့ ဘယ်နောက်ခံလူ နေရာအတွက် စိတ်အေးရတော့မှာပါ ။ပင်ကို အားဖြင့် ညာတောင်ပံ အားသန်သူ ဖြစ်ပေမယ့်လည်း ကန်ဆယ်လို ဟာ ဘယ်တောင်ပံ မှာလည်း အခက်အခဲ မရှိ ကစားခဲ့ပြီး ချဲလ်ဆီး ကို အနိုင်ရတဲ့ ပွဲမှာ စီးတီး ရဲ့ အကောင်းဆုံး ကစားသမား တယောက် ဖြစ်ခဲ့ ပါတယ် ။

ကွင်းလယ် – ဗီတာလီ ဂျာနတ် ( ဘရန့်ဖိုဒ့် )

ဘရန့်ဖိုဒ့် တို့ လီဗာပူး ဆီကနေ အမှတ် ခွဲယူနိုင်မယ်လို့ ဘယ်သူမှ မထင်ခဲ့ ပါဘူး ၊ ဒါပေမယ့် ကြိုးစားတဲ့ ပျားလုပ်သားတွေ ဟာ ပရီးမီးယားလိဂ် ရဲ့ အကောင်းဆုံး အသင်းကြီး တသင်းဆီကနေ သရေ ၁ မှတ် ရခဲ့ ပါတယ် ။ခံစစ်ပိတ် ကစားပြီး ရခဲ့တာ မဟုတ်ပါဘူး ၊ သူတပြန် ကိုယ်တပြန် ဂိုးတွေသွင်းပြီး ၃-၃ ရလဒ် နဲ့ ရယူခဲ့တာပါ ။

ဘရန့်ဖိုဒ့် အတွက် အကောင်းဆုံး ကစားနိုင်ခဲ့သူကတော့ ဂျာမန် ကစားသမား ဗီတာလီ ဂျနတ် ပါပဲ ။လက်ရွေးစင် နည်းပြကြီး ဟန်ဆီဖလစ် လာကြည့်တဲ့ ပွဲမှာ ဂျနတ် ဟာ လီဗာပူး ဘက်ကို ၁ ဂိုး သွင်းနိုင်ခဲ့ သလို ဟန်ဒါဆင် ၊ ဖာဘင်ဟို တို့လို ထိပ်တန်း ကွင်းလယ်လူတွေ နဲ့လည်း အပြိုင်ကြဲနိုင်ခဲ့ ပါတယ် ။

ကွင်းလယ် – ဒီကလန်ရိုက်စ် ( ဝက်စ်ဟမ်း )

ဝက်စ်ဟမ်း မှာ အန်တိုနီယို ပြန်ပါလာတာ နဲ့ ဂိုးသွင်းပြီး နိုင်ပွဲ ရခဲ့ ပါတယ် ။ဒါပေမယ့် လိဒ် နဲ့ ပွဲမှာ အသင်းကို အကောင်းဆုံး ဦးဆောင် နိုင်ခဲ့သူ ကတော့ ဒီကလန် ရိုက်စ် ပါပဲ ။သူ့ရဲ့ ခံစစ် အရည်အသွေး နဲ့ ခံစစ် ကနေ တိုက်စစ်ကို အမြန်ကူးပြောင်း နိုင်တဲ့ စွမ်းရည်တွေဟာ လိဒ် ယူနိုက်တက် ကို အနိုင် ကစားခဲ့တဲ့ ပွဲမှာ အရေးပါ ခဲ့ပြီး ဝက်စ်ဟမ်း ရဲ့ အားထားရသူ တယောက် ဖြစ်တယ် ဆိုတာကို ထပ်မံ ပြသနိုင်ခဲ့ ပါတယ် ။

ကွင်းလယ် – အန်ဒရိုစ့် တောင်ဆန် ( အဲဗာတန် )

အဲဗာတန် ရဲ့ ဒီနှစ်နွေရာသီ ခေါ်ယူမှုတွေ ထဲက အကောင်းဆုံး တခုကတော့ ပဲလေ့စ် ကနေ ထွက်လာတဲ့ အန်ဒရိုစ့် တောင်ဆန် ကို အလွတ် ခေါ်ယူ နိုင်ခဲ့တာပါပဲ ။အင်္ဂလန် လက်ရွေးစင်ဟောင်းဟာ အဲဗာတန် အတွက် ဒီရာသီ ပြိုင်ပွဲစုံ ၉ ပွဲမှာ ၄ ဂိုးသွင်း ၊ ၃ ဂိုး ဖန်တီးပေး ထားခဲ့ ပါတယ် ။နောဝှစ်ချ် ကို ၂-၀ နဲ့ အနိုင်ရတဲ့ ပွဲမှာလည်း အရေးပါတဲ့ အဖွင့်ဂိုးကို ပင်နယ်တီ ကနေ သွင်းယူပေးခဲ့ ပါတယ် ။

ကွင်းလယ် – မာတင် အိုဒီဂတ် ( အာဆင်နယ် )

မနှစ်က ရာသီဝက် အငှားလာ ကစားခဲ့ကတည်းက အိုဒီဂါတ် ရဲ့ အရည်အသွေးတွေကို ပရီးမီးယားလိဂ် ပရိသတ်တွေ မြင်တွေ့ခဲ့ပါတယ် ။ဒီနှစ် မှာတော့ နော်ဝေသား ဟာ လန်ဒန် ကို အပြီးပြောင်းလာ ခဲ့ပြီး မီကေး အာတီတာ ရဲ့ အသင်းမှာ အားကိုးရတဲ့ ကစားသမား တယောက် ဖြစ်လာခဲ့ ပါတယ် ။စပါး ကို အနိုင်ယူ ခဲ့တဲ့ လန်ဒန် ဒါဘီ မှာတော့ အိုဒီဂတ် ဟာ တကွင်းလုံးကို ပြေးလွှား ဆော့ကစားခဲ့ပြီး ပုံစံကောင်း ပြသခဲ့ ပါတယ် ။

ကွင်းလယ် – အီမီလ် စမစ် ရိုဝီ ( အာဆင်နယ် )

ဒီတပတ် အကောင်းဆုံး အသင်းမှာ ပါဝင်တဲ့ တတိယမြောက် နဲ့ နောက်ဆုံး ဂန်းနား ကတော့ စမစ် ရိုဝီ ပါပဲ ။စပါး အသင်းဘက်ကို အဖွင့်ဂိုး သွင်းပေး ခဲ့သလို ဖန်တီးမှု လည်း ၁ ကြိမ် ပြုလုပ် နိုင်ခဲ့တဲ့ စမစ် ရိုဝီ ကတော့ အာဆင်နယ် အကယ်ဒမီ အတွက် ဂုဏ်ယူစရာ ဖြစ်စေခဲ့ ပါတယ် ။

ရှေ့တန်း – ရာအူးလ် ဂျီမီနက်ဇက် ( ဝုဗ် )

ဒီတပတ် မှာ အာဆင်နယ် တိုက်စစ်မှူး အော်ဘားမီးယန်း ၊ လက်စတာ တိုက်စစ်မှူး ဂျေမီ ဗာဒီ တို့လည်း ပုံစံကောင်းတွေ ပြခဲ့ပါတယ် ။ဒါပေမယ့် တယောက်တည်းကိုပဲ ရွေးချယ်ဖု့ိ ဖြစ်လာချိန် မှာတော့ ဒဏ်ရာကနေ ပြန်လာပြီး ဂိုးပြန်သွင်းနိုင် ခဲ့တဲ့မက္ကဆီကို တိုက်စစ်မှူး ရာအူးလ် ဂျီမီနက်ဇ် ကိုပဲ ရွေးချယ် ခဲ့ပါတယ် ။

ဘောလုံးသမား ဘ၀ ကို အဆုံးသတ်ရလောက်စေအောင် ကြောက်ဖို့ ကောင်းတဲ့ ဦးခေါင်းခွံ အက်ကွဲ ဒဏ်ရာ ရခဲ့ပေမယ့် ဂျီမီနက်ဇ် ကတော့ အရှုံးမပေးဘဲ မြက်ခင်းတွေပေါ် အရောက် ပြန်လာ နိုင်ခဲ့ ပါတယ် ။အခုဆိုရင် သူက ပရီးမီးယားလိဂ် မှာ အရင်လိုပဲ ဂိုးတွေ ပြန်သွင်းတော့မှာပါ ။

Crd:SPORTS MYANMAR