ပွဲအပြီး အင်တာဗျူးမှာ ဆိုးလ်ရှားကို ထုတ်ပယ်သင့်ကြောင်း ပါးပါးနပ်နပ် ပြောကြားခဲ့တဲ့ – ပေါ့ဘာ

ပွဲအပြီး အင်တာဗျူးမှာ ဆိုးလ်ရှားကို ထုတ်ပယ်သင့်ကြောင်း ပါးပါးနပ်နပ် ပြောကြားခဲ့တဲ့ – ပေါ့ဘာ

ပရီးမီးယားလိဂ် ပွဲစဥ် (၈) လက်ဆက်စတာစီးတီးနဲ့ မန်ချက်စတာယူနိုက်တက် ပွဲစဥ်မှာတော့ အိမ်ရှင်အသင်းက ၄-၂ ဂိုးနဲ့ အနိုင်ရရှိသွားပါတယ်။

ဒီပွဲမှာ ဆိုးလ်ရှားဟာ အဲဗာတန်နဲ့ သရေကျခဲ့တဲ့ လူစာရင်းကို ငါးနေရာအထိ ပြောင်းခဲ့ပြီး နေးရှင်းလိဂ်မှာ ဒဏ်ရာရသွားတဲ့ ဗာရိန်းနေရာမှာ မက်ဂွိုင်းယားကို ထည့်သွင်းပြီး ပေါ့ဘာ၊ ဆန်ချို၊ မာတစ်၊ ရော်နယ်ဒိုတို့နဲ့ ပွဲထွက်ခဲ့ပါတယ်။ လက်ဆက်စတာကလည်း ငါးနေရာ အပြောင်းအလဲလုပ်ခဲ့ပြီး ဧပြီလကတည်းက နားနေရတဲ့ အီဗန်စ်နဲ့အတူ အာမာတေး၊ ပရဲရား၊ ဆိုမာရေ၊ မက်ဒီဆင်တို့နဲ့ ပွဲထွက်လာခဲ့ပါတယ်။

ပထမပိုင်းမှာ လက်ဆက်စတာနဲ့ မန်ချက်စတာယူနိုက်တက်တို့ တဂိုးစီ သရေကျခဲ့ပါတယ်။ မန်ယူနိုက်တက်အတွက် အဖွင့်ဂိုးကို ဂရင်းဝုဒ်က ဘယ်ခြေနဲ့ ဘီးကုပ်ထိပ်နားကနေ အပြင်းကန်သွင်းပြီး ရယူခဲ့တာပါ။ လက်ဆက်စတာအတွက် ချေပဂိုးကိုတော့ မက်ဂွိုင်းယားရဲ့ အမှားကနေ တီလယ်မန်စ်က ဂိုးထောင့်ထဲကို လှလှပပ သွင်းယူခဲ့တာ ဖြစ်ပါတယ်။ နှစ်သင်းစလုံးက အပြန်အလှန်တိုက်စစ်ဆင် ကစားကြပေမယ့် လက်ဆက်စတာက ပိုကောင်းခဲ့သလို ဂိုးသွင်းခွင့်လည်း ပိုရခဲ့ပါတယ်။ ယူနိုက်တက်က ဂိုးသွင်းခွင့်တချို့ရခဲ့ပေမယ့် အသင်းရဲ့ ခံစစ်ပိုင်းကစားပုံ အလွန်ဆိုးရွားခဲ့ပြီး အမှားများစွာပြုလုပ်ခဲ့ပါတယ်။

ဒုတိယပိုင်းမှာလည်း လက်ဆက်စတာအသင်းကပဲ ဂိုးသွင်းခွင့်တွေပိုမိုရရှိခဲ့ပြီး ဒီဂီယာ လက်စွမ်းပြကာကွယ်နေလို့သာ ဒီထက် ဂိုးမပြတ်ခဲ့တာ ဖြစ်ပါတယ်။ ဒုတိယပိုင်း ပြီးခါနီး ၁၀ မိနစ်အလိုမှာ ပွဲကပိုမြိုင်လာခဲ့ပြီး လက်ဆက်စတာက ဂိုးသွင်းခွင့်တွေ တောက်လျှောက်ရရှိခဲ့ပါတယ်။ လက်ဆက်စတာအတွက် ဦးဆောင်ဂိုးကို နောက်ခံလူ ဆိုယွန်ကျူက ၇၈ မိနစ်မှာ သွင်းယူခဲ့ပြီး ၄ မိနစ်အကြာမှာတော့ လူစားဝင်လာတဲ့ ရက်ရှ်ဖို့ဒ်က လူကျွံထောင်ချောက်ကို ကျော်ဖြတ်ပြီး ယူနိုက်တက်အတွက် ချေပဂိုး သွင်းယူခဲ့ပါတယ်။ ဒါပေမဲ့ ချက်ချင်းဆိုသလိုပဲ ယူနိုက်တက် ခံစစ်အမှားကနေပဲ ဗာဒီက လက်ဆက်စတာအတွက် ဦးဆောင်ဂိုး သွင်းယူသွားခဲ့ပါတယ်။ အိမ်ရှင်အသင်းအတွက် အနိုင်သေချာစေမယ့်ဂိုးကိုတော့ မိနစ် ၉၀ ပြည့်ပြီး နာကျင်အချိန်ပို ၁ မိနစ်မှာ ဒါကာက သွင်းယူခဲ့တာ ဖြစ်ပါတယ်။

ဒီပွဲအရှုံးရလဒ်ကြောင့် မန်ချက်စတာယူနိုက်တက်က အမှတ်ပေးဇယားရဲ့ အဆင့် ၅ နေရာကို ရောက်ရှိသွားခဲ့ပါတယ်။

ပွဲအပြီးမှာတော့ ပေါ့ဘာက “ကျွန်တော်တို့တွေ ဒီလိုပွဲမျိုးတွေကို ရှုံးလာတာ အတော်လေး ကြာနေပါပြီ။ ကျွန်တော်တို့ ပြဿနာတွေရဲ့ အဖြေတွေကို မရှာဖွေနိုင်သေးဘူး။ ဂိုးတွေကို ခပ်လွယ်လွယ် ခွင့်ပြုထားရတယ်။ ကျွန်တော်တို့ ဒီထက် ပိုပြီး ရင့်ကျက်ဖို့ ၊ မာမာထန်ထန် ကစားဖို့ လိုအပ်နေပါတယ်။ ပြီးတော့ ကျွန်တော်တို့ရဲ့ ပုံစံတခုကို ရှာဖွေဖို့ လိုအပ်တယ်။ အပြောင်းအလဲ လုပ်ဖို့ အချိန်တန်ပါပြီ။ ကျွန်တော်တို့ မှန်ကန်တဲ့ စိတ်ထား ရှိဖို့ အရေးကြီးပါတယ်။ ပြီးတော့ ကောင်းမွန်တဲ့ နည်းစနစ်တခု လိုအပ်ပါတယ်။ ဒါမှပဲ ပြဿနာတွေကို ဖြေရှင်းနိုင်မှာပါ”

Credit