Sports

အီဗရာတည့်ဖိုက်လိုက်တဲ့ ဆိုးလ်ရှားကိစ္စ

မန်ချက်စတာယူနိုက်တက် ခံစစ်ကစားသမားဟောင်း ပက်ထရစ်အီဗရာက ဖိအားတွေများနေတဲ့ မန်ချက်စတာယူနိုက်တက်နည်းပြ အိုလီဂန်နာဆိုးလ်ရှားထက်အရင် ထုတ်သင့်တဲ့ အသင်းရဲ့ ဘုတ်အဖွဲ့ဝင်တစ်ယောက်ကို ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ နည်းပြဆိုးလ်ရှားဟာ ပြီးခဲ့တဲ့တစ်ပတ်က ပရီးမီးယားလိဂ်မှာ အာဆင်နယ်ကို ရှုံးနိမ့်ခဲ့ပြီးနောက် အဆင့် ၁၅ နေရာမှာ ရပ်တည်နေသလို ကြားရက်က ချန်ပီယံလိဂ် အုပ်စုပွဲစဉ်မှာလည်း တူရကီကလပ် ဘက်စ်ကီးရှီးယားကို အရှက်တကွဲ အရေးနိမ့်ခဲ့ပြန်ပါတယ်။

ယနေ့ညမှာ ကစားမယ့် ပရီးမီးယားလိဂ် ပွဲစဉ်ကလည်း အဲဗာတန်အသင်းနဲ့ ဖြစ်နေတာကြောင့် နော်ဝေသားနည်းပြကြီးအတွက်တော့ အဘက်ဘက်က ဖိအားမျိုးစုံနဲ့ ရင်ဆိုင်နေရပါတယ်။ ဒါပေမယ့် မန်ချက်စတာယူနိုက်တက် ဘယ်နောက်ခံလူဟောင်း ပက်ထရစ်အီဗရာကတော့ ယူနိုက်တက်ဝတ်စုံဝတ်ပြီး ကုလားအုတ်စီးနေတဲ့ပုံနဲ့ ယူနိုက်တက်ရဲ့ ဘုတ်အဖွဲ့ကို ပြောင်းလဲရမှာဖြစ်ကြောင်း အကြံပေးသွားခဲ့ပါတယ်။

ပြင်သစ်ခံစစ်မှူးက သူ့ရဲ့ဆိုရှယ်မီဒီယာမှာ သောကြာနေ့က “နည်းပြသစ် ဟုတ်လား၊ ဘုတ်အဖွဲ့သစ်ဆိုရင်ရော” ဆိုပြီး ရေးသားခဲ့တာဖြစ်ပါတယ်။ နည်းပြဆိုးလ်ရှားဟာ ပြီးခဲ့တဲ့ရာသီက ယူနိုက်တက်ကို ပရီးမီးယားလိဂ် အဆင့် ၃ နေရာမှာ ရပ်တည်နိုင်အောင် စွမ်းဆောင်ပေးခဲ့သူဖြစ်ပါတယ်။ ယူနိုက်တက်ဟာ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့မှာ ဆန်ချိုကို အဓိကပစ်မှတ်အဖြစ် ခေါ်ယူဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့တာကြောင့် ဒုဥက္ကဌအက်ဒ်ဝုဒ်ဝါ့ဒ်ကို အကြီးအကျယ်ဝေဖန်ခဲ့ကြပါတယ်။

အချိန်တွေအများကြီးရခဲ့ရဲ့သားနဲ့ အဓိကပစ်မှတ်ကိုလည်း မခေါ်ယူနိုင်ခဲ့သလိုအပြောင်းအရွှေ့ နောက်ဆုံးနေ့ကျမှ ပေါ်တိုကအဲလက်စ်တယ်လက်စ်ကို ပေါင် ၁၁.၆ သန်း၊ ပီအက်စ်ဂျီကအလွတ်နဲ့ ထွက်ခွာလာတဲ့ ဝါရင့်တိုက်စစ်မှူး ကာဗာနီတို့ကို အသည်းအသန်ခေါ်ယူခဲ့ရပါတယ်။ အီဗရာကိုယ်တိုင် ပြီးခဲ့တဲ့လကမှ မန်ချက်စတာယူနိုကတက်ရဲ့ အပြောင်းအရွှေ့ ပေါ်လစီအပေါ် ပြစ်ပြစ်နှစ်နှစ်ဝေဖန်ခဲ့ပြီး ဗန်ဒီဘိခ်ကို အရန်အနေနဲ့သာ အသုံးပြုမယ့်အတူတူ ဘာလို့ဈေးကြီးပေးခေါ်ရတာလဲဆိုပြီး ပြင်းပြင်းထန်ထန်တွေလည်း ဝေဖန်ခဲ့ပါတယ်”

ပြင်သစ်သားကြီးက “ ဗန်ဒီဘိခ်အကြောင်းပြောရရင် ဒီကလေးက မကောင်းတာဘာမှ ပြောစရာကိုမရှိဘူး ဒါပေမယ့် ဘာလို့သူ့ကို ဝယ်ခဲ့တာလဲ။ သူ့ခမျာပွဲတိုင်းလိုလို ပွဲကြည့်စင်ကနေပဲ ဖြတ်သန်းနေရတယ်။ ကျွန်တော်တို့ သူ့ကိုမလိုအပ်တာကတော့ အမှန်ပဲလေ ” ဆိုပြီး ဝေဖန်ထောက်ပြခဲပါတယ်။ ယူနိုက်တက်ဟာ ပရီးမီးယားလိဂ် ရာသီသစ်မှာ အိမ်ကွင်း၄ပွဲကစားခဲ့ပြီး ၄ ပွဲစလုံး အရေးနိမ့်ခဲ့ပြီး ဒီနေ့ညမှာလည်း ခြေစွာနေတဲ့ အဲဗာတန်ကို အဝေးကွင်းမှာ သွားရောက်ရင်ဆိုင်ရဦးမှာ ဖြစ်ပါတယ်။

ယူနိုက်တက်နည်းပြကြီးကတော့ “အသင်းနဲ့ပတ်သက်ရင် အမြဲတမ်းအကောင်းဘက်ကပဲ လိုချင်တယ်။ ကျွန်တော်စရောက်ကတည်းက သူတို့တွေအကောင်းဆုံး ကစားနိုင်ခဲ့ကြပါတယ်။ ဖိအားတွေကတော့အနည်းနဲ့အများရှိနေမှာပဲ ဒါပေမယ့် ကျွန်တော်ကိုယ်တိုင်လည်း ဒီနေရာမှာ ကြီးပြင်းခဲ့တဲ့သူ ဖြစ်တာကြောင့် အကောင်းအဆိုးအားလုံးကို ဘယ်လိုကျော်ဖြတ်ရမလဲ သိထားပါတယ်။ ကျွန်တော်အဆင်ပြေတယ်၊ အဆိုးတွေပြီးရင် အကောင်းတွေလာတော့မှာဖြစ်လို့ စိတ်ညစ်နေဖို့မလိုဘူး။ တစ်ပွဲနှစ်ပွဲရလဒ်လောက်ကို ကျွန်တော်မကြည့်ဘူး၊ အဲ့ဒါသေချာကမှ တကယ်ဆုတ်ယုတ်တာ။ ဒါပေမယ့် လိုက်ပ်ဇစ်နဲ့ ပီအက်စ်ဂျီကို နိုင်ပြီးကတည်းက အကောင်းဆုံးတွေနဲ့ ဝေးနေတာတော့ကြာပြီ ” လို့ သောကြာနေ့က သတင်းစာရှင်းလင်းပွဲမှာ ပြောသွားခဲ့ပါတယ်။

မူရင်းcrd