Sports

အပြောကြီးတဲ့ အစ္စတန်ဘူလ်အသင်း နောက်ခံလူကို ပညာပေးခန်း

” အပြောကြီးနေတဲ့ အစ္စတန်ဘူလ်ရဲ့နောက်ခံလူ စကာတယ် ကို အိမ်ကွင်းမှာ ပညာပေးလိုက်တဲ့ ယူနိုက်တတ် ”

တူရကီမှာကစားခဲ့တဲ့ ပထမအကျော့မှာ မန်ချက်စတာယူနိုက်တက်ကို အနိုင်ရခဲ့ပြီးနောက် အစ္စတန်ဘူလ်နောက်ခံလူ စကာတယ်က ချန်ပီယံလိဂ် ပထမဆုံးနိုင်ပွဲရခဲ့လို့ ပျော်ရွှင်မိကြောင်းဆိုခဲ့ပါတယ်။ ဒီနောက် သူတို့အနေနဲ့ ယူနိုက်တက်နဲ့ပဲ ကစားချင်တယ်လို့ ပြောဆိုခဲ့ကြောင်း သတင်းတွေထွက်ခဲ့ပါတယ်။ အခုတော့ ဒီလိုပြောခဲ့တဲ့ စကာတယ် ကို ယူနိုက်တက်က ပညာပေးသွားခဲ့ ပါပြီ။

ပြီးခဲ့တဲ့ညက ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ ချန်ပီယံလိဂ်အုပ်စုပွဲစဉ် ၄ မှာ ယူနိုက်တတ်အသင်းက အစ္စတန်ဘူလ်အသင်းကို ၄ဂိုး-၁ဂိုးနဲ့ ဂိုးပြတ်အနိုင်ရယူခဲ့ပြီး ပထမအကျော့ရှုံးကြွေးကို ပြန်ဆပ်သွားခဲ့ပါတယ်။ ယူနိုက်တတ်အသင်းမှ ဖာနန်ဒက်စ် က ၂ဂိုး၊ ရက်ရှ်ဖို့ဒ်က ၁ဂိုး၊ ဒန်နီရယ်ဂျိမ်းက တစ်ဂိုး စီသွင်းယူခဲ့ကြပြီး အစ္စတန်ဘူလ်အသင်းဟာချေပဂိုး တစ်ဂိုးသာသွင်းယူနိုင်ခဲ့တာကြောင့် အိမ်အပြန်မသာယာခဲ့သလို အုပ်စုအဆင့်က ထွက်ခွာရဖို့လည်း သေချာသွားခဲ့ပါပြီ။

ပွဲအစအဆုံးမှာ မန်ချက်စတာယူနိုက်တက်က ဖိအားပေးကစားခဲ့ပြီး ပြိုင်ဘက်အသင်းကို ဂိုးပြတ်ချေမှုန်းခဲ့ပါတယ်။ ဝက်ဘရွန်းစ်ကို အနိုင်ရပြီးနောက် အိုးထရက်ဖို့ဒ်မှာ ပထမဆုံးပရီးမီးယားလိဂ်နိုင်ပွဲရခဲ့တဲ့ ယူနိုက်တက်ဟာ ချန်ပီယံလိဂ်အိမ်ကွင်းပွဲတွေမှာ တစ်ပွဲကို အနည်းဆုံးလေးဂိုးသွင်းပြီး အနိုင်ရနေကာ လိုက်ဇစ်နဲ့ပွဲတုန်းကလည်း ၅ဂိုးအထိသွင်းယူပြထားခဲ့ ပါတယ်။

စကာတယ်ကတော့ နေရာစုံ၊ထောင့်စုံကနေ ထိုးဖောက်နေခဲ့တဲ့ ယူနိုက်တက်တိုက်စစ်ကို ဘယ်လိုမှမဟန့်တားနိုင်တော့ဘဲ စိတ်ရှိသလောက်သာသွင်းကြတော့ဆိုတဲ့ ပုံစံမျိုးတောင် ရောက်ရှိခဲ့ရပါတယ်။ ယူနိုက်တက်အနေနဲ့ လိုက်ဇစ်၊ ပီအက်စ်ဂျီတို့နဲ့ ကစားရဖို့ရှိနေသေးပြီး အနည်းဆုံး တစ်မှတ်ရယူနိုင်တာနဲ့ ၁၆ သင်းအဆင့် ရှုံးထွက်ကို တက်ရောက်နိုင်တော့မှာလည်းဖြစ် ပါတယ်။

Credit : Shwe Soccer

Unicode





Credit : Shwe Soccer